၂၀.၇.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းလျက်ရှိရာ ဇူလိုင်လ ၂၀ ရက်၌လည်း မိုးရွာသွန်းမှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့ရပြီး လေးဦးပျောက်ဆုံးနေသဖြင့် ယခုရက်သတ္တပတ်အတွင်း နိုင်ငံအတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သေဆုံးရသူ ၁၁ ဦးအထိရှိလာကြောင်း သိရသည်။

ဆိုးလ်မြို့နှင့် ကီလိုမီတာ ၇၀ သာကွာဝေးသော ဂျုံဂျီးပြည်နယ်အတွင်း ဂတ်ပ်ရုန်ခရိုင်၌ ဇူလိုင်လ ၂၀ ရက် နံနက်အစောပိုင်းတွင် မိုးရေချိန် ၁၇၀ မီလီမီတာ( ၇ လက်မ) နီးပါးရွာသွန်းခဲ့ကြောင်းသိရသည်။ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက မိုးကြောင့် ဂတ်ပ်ရုန်ခရိုင်အတွင်း အနည်းဆုံးလူတစ်ဦး သေဆုံးကာ လေးဦးပျောက်ဆုံးနေသည်ဟု ဇူလိုင်လ ၂၀ ရက် နံနက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူအမျိုးသမီးမှာ အသက် ၇၀ နှစ်ကျော်ရှိပြီဖြစ်ပြီး ဇူလိုင်လ ၂၀ ရက် နံနက် ၄ နာရီ မိနစ် ၄၀ ခန့်တွင် ဂတ်ပ်ရုန်ခရိုင်အတွင်း မိုးရွာသွန်းမှုကြောင့်မြေပြိုကျကာ ထိုအမျိုးသမီးကြီးနေထိုင်ရာအိမ်ပြိုကျပြီး သေဆုံးခဲ့ရခြင်းဟုလည်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူက ငါးရက်တာကာလအတွင်း တောင်ကိုရီးယားနိုင်ငံတစ်ဝန်း မိုး အကြီးအကျယ်ရွာသွန်းမှုကြောင့် သေဆုံးရသူ ၁၁ ဦး ရှိပြီဟုလည်း ပြောခဲ့သည်။ သေဆုံးသူအများစုမှာ နိုင်ငံတောင်ပိုင်း ဆန်ချုံ ပြည်နယ်၌ဖြစ်ပြီး ထိုပြည်နယ်အတွင်း ဇူလိုင်လ ၁၆ ရက်မှစ၍ မိုးရေချိန် ၈၀၀ မီလီမီတာနီးပါး( ၃၁ လက်မ ကျော်) ရွာသွန်းခဲ့ကြောင်း မိုးလေဝသ စာရင်းများကဆိုသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဇူလိုင်လအတွင်း မိုးရာသီကာလ မိုးရွာသွန်းလေ့ရှိသော်လည်း ယခုနှစ်တွင် နိုင်ငံ၏တောင်ပိုင်းဒေသများ၌ အထူးသဖြင့် စံချိန်တင်အောင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။သိပ္ပံပညာရှင်များက ရာသီဥတုအပြောင်းအလဲကြောင့် ကမ္ဘာတစ်ဝန်း မကြာခဏနှင့် ပြင်းထန်သော ရာသီဥတု အစွန်းရောက် ဖြစ်ရပ်များနှင့်ကြုံတွေ့နေရကြောင်း ပြောခဲ့ကြသည်။
၂၀၂၂ ခုနှစ်အတွင်းကလည်း တောင်ကိုရီးယားနိုင်ငံတွင် စံချိန်တင်အောင်မိုးရွာသွန်းပြီး ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့သည်။
Ref -AFP
