၂၀.၇.၂၀၂၅
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံ၊ ဟာလောင် ပင်လယ်အော်အတွင်း ခရီးသည် ၄၈ ဦးနှင့် စက်လှေဝန်ထမ်းငါးဦး စုစုပေါင်း လူ ၅၃ ဦး လိုက်ပါလာသော Wonder Seas အမည်ရှိ စက်လှေတစ်စီးမှာ ဇူလိုင်လ ၁၉ ရက် မွန်းလွဲပိုင်းက တိမ်းမှောက်မှု ဖြစ်ပွားခဲ့မှုကြောင့် အနည်းဆုံး ၃၇ ဦးသေဆုံးခဲ့ရကာ ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းသတင်းများက ဖော်ပြခဲ့ကြသည်။
ဟာလောင် ပင်လယ်အော်အတွင်း ဒေသစံတော်ချိန် မွန်းလွဲ နှစ်နာရီတွင် ကောင်းကင်ကညိုမဲလာကာ ရုတ်တရက်မုန်တိုင်းကျရောက်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ရာတွင် စက်လှေမှာတိမ်းမှောက်ခဲ့ရခြင်း ဖြစ်ကြောင်း သတင်းများကဆိုခဲ့ကြသည်။

စက်လှေပေါ်တွင် လိုက်ပါလာသူများအနက် အများစုမှာ မိသားစုများဖြစ်ကြ၍ ဟနွိုင်မြို့တော်မှဖြစ်ကြကာ ခရီးသည်များတွင် ကလေး ၂၀ ဦးကျော်ပါဝင်ကြောင်းလည်း သိရသည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို ညရောက်သည် အထိ ဆက်လက်ဆောင်ရွက်ခဲ့ကြရာတွင်ခရီးသည်များအနက် ၁၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့သည်ဟုလည်းနောက်ဆုံးသတင်းများက ဖော်ပြခဲ့ကြသည်။
ဟာလောင်ပင်လယ်အော် ရုံး အလုပ်သမားတစ်ဦးက ဒေသအတွင်းနေရာအများအပြားတွင် သုံးရက်ကြာခန့် အပူချိန် ၃၇ ဒီဂရီ ဆယ်လ်စီးယပ်စ် အထိ မြင့်တက်နေခဲ့ပြီးနောက် ဤသို ရုတ်တရက် မုန်တိုင်း ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုးသီးများပါကျရောက်ခဲ့ကာ လေပြင်းတိုက်ခတ်မှုနှင့်အတူ လျှပ်စီးလက်၊ မိုးခြိမ်းခြင်းများဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

စက်လှေတိမ်းမှောက်သောနေရာနှင့် ၁၇၅ ကီလိုမီတာ(မိုင် ၁၁၀) ခန့် ကွာဝေးသော ဟနွိုင်မြို့၌ပင် မုန်တိုင်းကြောင့် သစ်ပင်များပြိုလဲသည်အထိ ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။
ဟာလောင် ပင်လယ်အော်မှာ ဗီယက်နမ်နိုင်ငံ၏ ခရီးသွားများလာရောက်မှုအများဆုံးနေရာတစ်ခု ဖြစ်ကာ နှစ်စဉ်လိုပင် ခရီးသွားသန်းနှင့်ချီ၍ ပင်လယ်အော်အတွင်းနှင့် ပင်လယ်အတွင်း ထုံးကျောက်ကျွန်းများသို့ လာရောက်လည်ပတ်ကြသည်။

၂၀၂၄ ခုနှစ်အတွင်းကလည်း ဟာလောင် ပင်လယ်အော်၏ ကွမ်နင်းပြည်နယ် ကမ်းခြေတစ်လျှောက်တွင် တိုင်ဖွန်းရာဂီ ကျရောက်ခဲ့မှုကြောင့် စက်လှေ အစီး ၃၀ နစ်မြုပ်ခဲ့ရသေးသည်။
Ref- AFP
