
၂၀.၇.၂၀၂၅
Written By Zun
ရနောင်း- ကော့သောင်းမှ ကုန်အပြည့်ဖြင့်ထွက်ခွာလာသည့် “ရွှေပြည့်ချမ်းသာ” ကမ်းရိုးတန်းသွားသင်္ဘောတစ်စီး ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြစ်ဝ ရေကြောင်းပြစခန်းမှ ရေမိုင် ၇ မိုင်အကွာ ပင်လယ်ပြင်တွင် နစ်မြုပ်သွားကြောင်း သိရသည်။
“ရေတပ်က သင်္ဘော(၂)စီးနဲ့ ရွှေနန်းရှင် (ပိုင်ရှင်တူ) က ကူညီကြပါတယ်။ Abandon ship က ၁၈/ဇူလိုင် ညနေပိုင်းကတည်းကမြုပ်တာပါ။ လူတွေဘေးကင်းပါတယ်”ဟု လူမှုကွန်ရက် အသုံးပြုသူက ရေးသားထားသည်။
သင်္ဘောနစ်မြုပ်မည့်အခြေအနေကြုံရစဉ်ကပင် သင်္ဘောပေါ် လိုက်ပါလာသည့် သင်္ဘောသားများအား တပ်မတော်(ရေ) နှင့် ရွှေနန်းရှင် (ပိုင်ရှင်တူ) ကုန်တင်သင်္ဘောတစ်စင်းက ကူညီကယ်တင်နိုင်ခဲ့၍ အားလုံး ဘေးကင်းခဲ့ကြောင်း သိရသည်။
မိုးတွင်းကာလတွင် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောများအနေဖြင့် နစ်မြုပ်မှု ကြုံရနိုင်သောကြောင့် အာမခံ ပြုလုပ်ထားမှ စိတ်အေးရမည်ဖြစ်ကြောင်းလည်း ကုန်တင်သင်္ဘော လုပ်ငန်းအသိုင်းအဝိုင်းက မှတ်ချက်ပြု ပြောဆိုကြသည်။
