၂၀. ၇. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ အဲအေးရှားလေကြောင်းလိုင်းမှ လေယာဥ်တစ်စီးမှာ ခရီးသည် ၁၄၇ ဦး သယ်ဆောင်လာပြီး တရုတ်သို့ပျံသန်းစဥ် မိုးသီးမုန်တိုင်းမိပြီး လေယာဥ်ထိပ်ဖူးနှင့် လေယာဥ်မှူး လေကာခန်းများ ပျက်စီးခဲ့သည်ဟု ထုတ်ပြန်လာသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့တွင် ထိုင်း အဲ အေးရှား လေကြောင်းလိုင်း ခရီးစဉ် FD552 သည် ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ ချုံချင့်သို့ ဦးတည်ပျံသန်းစဉ် ဆင်းသက်ခါနီးတွင် လေယာဉ်မတည်ငြိမ်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

မှတ်ပုံတင်နံပါတ် HS-BBA ဖြစ်သော Airbus A320 လေယာဉ်သည် ပြင်းထန်သော မိုးသီးမုန်တိုင်းမိ၍ လေယာဉ်၏ ထိပ်ဖူးပိုင်းနှင့် လေယာဉ်မှူးခန်း လေကာမှန်များ ပျက်စီးခဲ့ပြီးအဆိုပါဖြစ်ရပ်သည် လေယာဉ် ချုံချင့်ကျန်းဘေ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပေါ်ပါ ခရီးသည် ၁၄၇ ဦးနှင့် အမှုထမ်းများအားလုံး ပြင်းထန်စွာ တုန်ခါမှုခံစားခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုများကြောင့် ချုံချင့်မှ ဘန်ကောက်သို့ ပြန်လည်ပျံသန်းရန် စီစဉ်ထားသည့် ခရီးစဉ် FD553 သည် နာရီပေါင်းများစွာ နှောင့်နှေးခဲ့ရသည်။

လေကြောင်းလိုင်းက ဖြစ်စဉ်ကို အတည်ပြုသည့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လေယာဉ်သည် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် ထိခိုက်ခံရသည့် ခရီးသည်များအား တည်းခိုခန်း၊ အစားအသောက်နှင့် ကုန်းလမ်းပို့ဆောင်ရေး ဝန်ဆောင်မှုများ ပေးအပ်ခဲ့သည့်အပြင် အခြားလေယာဉ်ခရီးစဉ်များ စီစဉ်ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။
လေယာဉ်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဘန်ကောက်သို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိခဲ့သည်။
Ref, STT
