◾️ ရန်ကုန်မြို့တွင် တည်ဆောက်နေသော စာဆိုဗိမာန်အဆောက်အဦအား သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်ရန် SAC ဥက္ကဋ္ဌ မှာကြား
၁၉. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံ ကဇာတ်ရုံ(Red Carpet Theatre)အဖြစ် အဆင့်မြှင့်တင်နိုင်မည့်အခြေအနေများနှင့် စာဆိုဗိမာန်တည်ဆောက်နေမှုအခြေအနေများအား ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝဇီရာရုပ်ရှင်ရုံသို့ သွားရောက်စစ်ဆေးရာတွင် ရုပ်ရှင်ရုံအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီသည့် ရုပ်ရှင်ရုံတစ်ခုအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရုပ်ရှင်ရုံ၏ ယခင်မူလမှတ်တမ်းဓာတ်ပုံများအား ပြန်လည်စုဆောင်း၍ ယခင်ပုံစံအတိုင်း မူလလက်ရာမပျက်စေဘဲ စနစ်တကျဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြိုနယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ အဆိုပါ ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်တွင် တည်ဆောက်ထားရှိခဲ့ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများဖြင့် တည်ဆောက်ထားသော ရှေးဟောင်းအဆောက်အဦတစ်လုံးဖြစ်ပြီး ယခုအခါ ဝဇီရာ ရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့နောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွှန်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်းရှိ မြန်မာနိုင်ငံတွင်ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်သည့် အထိမ်းအမှတ်အနေဖြင့် တည်ဆောက်လျက်ရှိသည့် စာဆိုဗိမာန်အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ စာဆိုဗိမာန်အဆောက်အဦအား သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်မီသည့် အဆောက်အဦများဖြစ်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်၊ စာဆိုဗိမာန်ဆောက်လုပ်ပြီးစီးပါက ဓာတ်ပုံများနှင့် သမိုင်းအထောက်အထား စာရွက်စာတမ်းများအား ခင်းကျင်းပြသရာတွင် ကြည်လင်ပြတ်သားစွာ ပြသထားရှိနိုင်ရန်လိုကြောင်း၊ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက် အဆောက်အဦအား ပြည်သူများဗဟုသုတဖြစ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ တိုးပွားစေရန်ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်သဖြင့် ဆိတ်ငြိမ်စွာဖြင့် စာပေဖတ်မှတ်လေ့လာနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အဆောက်အဦလုပ်ငန်းများအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကိုလည်း စီမံဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။
အဆိုပါစာဆိုဗိမာန် အဆောက်အဦကို သုံးထပ်အဆောက်အဦအဖြစ်တည် ဆောက်လျက်ရှိပြီး တည်ဆောက်ပြီးစီးပါက စာပေဖွံ့ဖြိုးမှုဆိုင်ရာဆောင်ရွက်မှု သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်၊ သမိုင်းဝင်ဂီတအနုပညာများ ခင်းကျင်းပြသမည့် ပြခန်းများ၊ ပေပုရပိုက်များ ခင်းကျင်းပြသမည့် ပြခန်းများ၊ သမိုင်းဝင်ကဗျာများ ခင်းကျင်းပြသမည့် ပြခန်းများ၊ စာပေဆုရခဲ့ဖူးသော စာအုပ်စာပေများ ခင်းကျင်းပြသမည့်ပြခန်းများ၊ မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံးခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်တာစာပေဆုရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်တုများထားရှိသည့် ပြခန်းများကို ထည့်သွင်းထားရှိသွားမည်ဖြစ်သည်။
