၁၉. ၇ .၂၀၂၅
Written by Hey Mar
အရက်ကြောင် ကြောင်ကာ အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇူလိုင် ၁၈ ရက် ည ၇ နာရီကျော်အချိန်က မကွေးတိုင်းတွင်းက ကျေးရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မကွေးမြို့နယ်၊ သစ်ရာကောက်တိုက်နယ်၊ ပေပင်စမ်း ကျေးရွာမှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူက အသက် ငါးဆယ်ကျော်အရွယ်ဖြစ်ကာ သားသမီး သုံးဦးရဲ့ ဖခင်လို့ သိရပါတယ်။

မြေပြင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက” အိမ်က နှစ်ထပ်အိမ်ပေမယ့် ပြိုပျက်နေတဲ့ အိမ်အိုပေါ့။ သေဆုံးတဲ့ အမျိုးသားက လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင် သူ့ဇနီး သေဆုံးကတည်းက အရက်စွဲသောက်လာတာလို့ ဘေးပတ်ဝန်းကျင်က ပြောပြတယ်။ သားသမီး သုံးဦးမှာ နှစ်ဦး က လက်လွတ်ပြီ။ အငယ်ဆုံးသမီးလေးက ဆယ်နှစ်ကျော်လေးတစ်ယောက်တော့ ကျန်ခဲ့တယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားလို့ သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာက လိုအပ်တဲ့ ဆေးစစ်ချက်တွေပြုလုပ်နိုင်ဖို့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနကနေတစ်ဆင့် ရင်ခွဲရုံဆီ ဆက်လက်ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
