
၁၉. ၇. ၂၀၂၅
Written by Hey Mar
ပလုံကောက်တဲ့ အမျိုးသားတစ်ဦးနဲ့ ကလေး နှစ်ဦး စုစုပေါင်း သုံးဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို ကားတစ်စီးက တိုက်ပြေးသွားတဲ့ ဖြစ်စဉ်
နေပြည်တော် ဇေယျာသီရိမြို့နယ် ဗောဓိမြိုင် ကျေးရွာအရှေ့ ရန်ကုန်/မန္တလေးလမ်းဟောင်းမှာ ဒီနေ့ ဇူလိုင် ၁၉ ရက် ညနေ သုံးနာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ ကရုဏာရှင် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ပလုံကောက်တဲ့ သားအဖတွေလို့ယူဆရတဲ့ သူတွေ စီးနင်းလာတဲ့ ဆိုင်ကယ်ကို အမျိုးအမည်မသိ မျက်မြင်မရှိလိုက်ဘဲ ကားတစ်စီးက မတော်တဆတိုက်မိခဲ့ပြီး ထွက်ပြေးခဲ့တာကြောင့် အသက် ခုနစ်နှစ်အရွယ် ယောက်ျားလေးငယ်မှာ တိုက်ကြိတ်မိတဲ့ဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့သလို အသက် သုံးဆယ့်ငါးနှစ်ဝန်းကျင် အမျိုးသားလည်း နေရာတင် သေဆုံးခဲ့ကာ ၊ အသက် ဆယ်နှစ်ကျော်အရွယ် ကလေးငယ်က ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာပါ။
ကရုဏာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “တိုက်သွားကား သက်ဆိုင်ရာက မိထားပြီ ကြားတယ်။ အတိုက်ခံရသူ နှစ်ဦးသေဆုံးပြီး တစ်ဦးကလည်း အခြေအနေ သိပ်မကောင်းပါဘူး။ သူတို့ရဲ့နေရပ်တွေ ဘယ်သူဘယ်ဝါဆိုတာလည်း ဘာမှကို စုံစမ်းလို့မရသေးပါဘူး ခင်ဗျ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ကွယ်လွန်သူနှစ်ဦးနဲ့ ပြင်းထန်ဒဏ်ရာရရှိသူ လူနာတစ်ဦးကို ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ နေပြည်တော် ပြည်သူဆေးရုံကြီးကုတင် (၁၀၀၀)ဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
