၁၉.၇.၂၀၂၅
Written by Thiri
တောင်ငူမြို့ရဲ့ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာကို ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ ရောက်ရှိလာပြီး တောင်ငူမြို့တွင်း အနိမ့်ပိုင်းရပ်ကွက်တချို့နဲ့ ခရိုင်အတွင်း ကျေးရွာ ၆ ရွာမှာ ရေစတင်ဝင်ရောက်နေပြီဖြစ်ကာ ဆက်လက် မြင့်တက်လာပါက ပြောင်းရွှေ့နိုင်ဖို့ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားရှိကြောင်း ဒေသခံ လူမှုကူညီရေး အသင်းတချို့ထံကနေ သိရပါတယ်။
တောင်ငူမြို့တွင်း အလည်ကျွန်းရပ်ကွက် တောင်ပိုင်းဟာ စစ်တောင်းမြစ်ဘေး တည်ရှိတာကြောင့် နောက်ထပ် ၆ လက်မလောက် ထပ်တိုးလာပါက နေအိမ် ၁၉ လုံးလောက် အရေးပေါ် ရွှေ့ပြောင်းရနိုင်ကြောင်း တောင်ငူအခြေစိုက် မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ S.T.T RESCUE တောင်ငူထံကနေ သိရပါတယ်။

အဆိုပါ အသင်းမှ တာဝန်ရှိသူက “တောင်ငူဘက် ရွာချို့ ဖြစ်တဲ့ ဒိုးရင်း၊ ငုတ်တော၊ ရွှေလေးတော (မြစ်ဘက်ခြမ်း) ၊ ဆင်ရွာ (မြစ်ဘက်ခြမ်း )၊သဖန်းပင် ၊ ပြသောင် အဲ့ဒီရွာတွေဆို ရေဝင်နေတာ လေး ငါးရက်ရှိပြီ။ တောင်ငူမြို့ပေါ်လည်း စစ်တောင်းမြစ်ဘေး အနိမ့်ဆုံးပိုင်းတွေမှာ ဝင်နေပြီ။ အုတ်တွင်းမှာဆို သမ္မာဝတီးရွာ ရေဝင်နေပြီ။ အခုအချိန်ထိ ပြောင်းရွှေ့ရတာ မရှိသေးပေမယ့် သဖန်းပင်၊ ပြသောင် အဲ့ဒီရွာတွေက သောက်ရေ ပြတ်တောက်လို့ ရေလှူပေးနေရတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့မနက်ပိုင်း မြစ်ရေ အခြေအနေ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ လက်မခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တာကြောင့် တောင်ငူမြို့နယ်၊ ဆိပ်သာမြို့နဲ့မဒေါက်မြို့ အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာနေရာတွေဆီ ရှောင်ရှားနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။
