CMP စနစ်ဖြင့် လုပ်ကိုင်ရန် ခွင့်ပြုထားသည့် အထည်ချုပ်လုပ်ငန်းခွင်သို့ DICA စစ်ဆေးစဥ်(Photo-DICA)

၁. ၂. ၂၀၂၃
Written by Ye Kyaw

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံအတွင်းရှိ ထုတ်လုပ်ရေးလုပ်ငန်းများသည် ထုတ်လုပ်မှုသာမက အော်ဒါအသစ်များပါ တိုးတက်လာခဲ့ပြီး တိုးတက်မှုနှုန်းမှာ အနည်းငယ်မျှသာရှိသော်လည်း နှစ်နှစ်ခွဲနီးပါးအတွင်း ထုတ်လုပ်မှုတိုးလာခဲ့သည့် ဒုတိယကာလဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်း၏ အဓိကတွေ့ရှိချက်အနေဖြင့် ထုတ်လုပ်မှုသာမက အော်ဒါအသစ်များပါ ကိုးလအတွင်း ပထမဦးဆုံးအကြိမ်တိုးလာခြင်းဖြစ်ပြီး ဇန်နဝါရီလတွင် ဝယ်ယူရေးလုပ်ငန်းများ တိုးတက်လာခဲ့သော်လည်း ဒသမကိန်းမျှသာရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာ့ကုန်ထုတ်လုပ်မှုအညွှန်းကိန်း PMI သည် ပြီးခဲ့သည့် ၁၅ လအတွင်း အနိမ့်ဆုံးဖြစ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၏ ၄၂ ဒသမ ၁ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ၄၉ ဒသမ ၆ သို့ ထိုးတက်သွားမှုသည် အကျဘက်ဦးတည်မှု သိသာစွာအားပျော့သွားခြင်းကို အချက်ပြနေခြင်းဖြစ်ကြောင်း အဆိုပါစစ်တမ်းက ဆိုသည်။

PMI အညွှန်းကိန်းအမှတ်များသည် သုည နှင့် ၁၀၀ အထိရှိနိုင်ပြီး အညွှန်းကိန်းအမှတ် ၅၀ အထက်တွင်ရှိနေပါက တိုးတက်မှုကိုပြကာ အညွှန်းအမှတ် ၅၀ အောက်တွင်ရှိပါက ယေဘုယျအားဖြင့် ကျဆင်းမှုကို ညွှန်ပြနေခြင်းဖြစ်သည်။

“ဈေးဝယ်များ တက်ကြွလာခြင်းက ဆက်ရှိနေသးတဲ့ အကျဘက်ဦးမော့မှုကို အားပျော့လာစေခဲ့ပေမဲ့ ပစ္စည်းပေးသွင်းရေးဆိုင်ရာ စိန်ခေါ်မှုများနဲ့ ငွေကြေးဖောင်းပွမှုတို့က ထုတ်လုပ်မှုတိုးတက်ရေးကို ဟန့်တားခဲ့ပါတယ်။ ဒါ့ပြင် စီးပွားရေးလုပ်ငန်းများရဲ့ ယုံကြည်မှုမှာ ‌ခြောက်လအတွင်း အနိမ့်ဆုံးသို့ နိမ့်ကျသွားခဲ့ပြီး တိုးထုတ်ရေး မျှော်လင့်ချက်များမှ အဓိကအားဖြင့် အားပျော့လာပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က စတင်ကျဆင်းလာသည့် မြန်မာ့အထည်ချုပ်ကဏ္ဍ လက်ရှိတွင် ဂျပန်၊ တရုတ်၊ အီးယူနှင့် အမေရိကန်တို့ မှ အော်ဒါမှာယူမှုများလာသဖြင့် ပြန်လည်တိုးတက်လာခဲ့သည့်အပြင် အော်ဒါမှာယူမှုရပ်သွားသည့် ဥရောပကုမ္ပဏီကြီးများနေရာတွင် ဥရောပနိုင်ငံများရှိ အလတ်စားနှင့် အသေးစားကုမ္ပဏီများက အော်ဒါမှာယူမှု ပြန်လည်မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းအထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

“ဝယ်နေတယ်။ မရပ်တဲ့သူကလည်း မရပ်ဘူး၊ ရပ်တဲ့သူလည်း ရပ်သွားတယ်ဆိုတာကလေ။ အများကြီးတော့မဟုတ်ဘူးပေါ့။ တစ်ခုစ၊ နှစ်ခုစ အကြီးတွေကတော့ သူတို့ရပ်မယ်လို့ ကြေညာတာပေါ့နော်။ အငယ်တွေလည်း အများကြီးရောက်လာတယ်။ နာမည်မကြီးတဲ့ အလယ်အလတ်တွေလည်း အများကြီး ‌ရောက်လာတယ်” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပေးပို့ခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ PMI အညွှန်းမှာ အော်ဒါအသစ်များ (ရာခိုင်နှုန်း ၃၀)၊ ထုတ်လုပ်မှု (၂၅ ရာခိုင်နှုန်း)၊ အလုပ်နေရာ (ရာခိုင်နှုန်း ၂၀)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှုကြာမြင့်ချိန် (၁၅ ရာခိုင်နှုန်း)နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀ ရာခိုင်နှုန်း) စသည့်အညွှန်းကိန်း ငါးခုတို့၏ ချိန်ဆတွက်ချက်ထားသည့် ပျမ်းမျှအညွှန်းကိန်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *