
၁၉.၇.၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ (၇၈)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။





SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက်SAC ဥက္ကဋ္ဌသည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တို့နှင့်အတူ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြသည်။
ထိုအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူ၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍ လည်းကောင်း အလေးပြုကြပြီးနောက် နှစ်မိနစ်ငြိမ်သက်စွာ မေတ္တာပို့သအမျှပေးဝေကြသည်။






ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သ အမျှပေးဝေကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်း၊ ခရစ်ယာန်ကလျာဏယုဝအသင်း(YMCA)၊ ရှင်သန်ရေးကူညီမှုအသင်း၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၊ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ ဟိန္ဒူဗဟိုအဖွဲ့ချုပ်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံး၊ အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ မြန်မာမွတ်စလင် သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ ဖူလ်းဂေါ်စပယ်အသင်းတော်အဖွဲ့ချုပ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာ့ရေးရာကောင်စီဌာနချုပ်၊ မြန်မာမွတ်စလင် လူငယ်များအဖွဲ့ချုပ်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီ၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ အရှိုချင်း နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံနယ် စပ်ဒေသဖွံ့ဖြိုးရေးအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်းနှင့် မြန်မာစားသုံးသူ သမဂ္ဂ တို့အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေ ချ အလေးပြုကြသည်။
ယင်းနောက် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝ ပြုကြသည့် ရဟန်းရှင်လူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အများပြည်သူများက စနစ်တကျတန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့ အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက် လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇မိနစ်အချိန်တွင် မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့က ဥဩဆွဲ အချက်ပေးခဲ့သည်။
