၁၉.၇.၂၀၂၅
Photo by Nyein Kyaw
ယနေ့ ကျရောက်တဲ့ (၇၈) နှစ်မြောက် အာဇာနည်နေ့မှာ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အာင်ဆန်းပြတိုက်သို့ အများပြည်သူတွေ လာရောက်လေ့လာမှု များပြားခဲ့ပါတယ်။
အများပြည်သူတွေအပြင် ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းတွေမှ ကျောင်းသားတွေကလည်း ဆရာ/ဆရာမ အုပ်ထိန်းမှုအောက် လာရောက် လေ့လာတာကိုလည်း တွေ့မြင်ရပါသလို လာရောက်လေ့လာသူတွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အတွင်းသာမက ခြံဝန်းအတွင်းကိုပါ လေ့လာနိုင်ခဲ့တာဖြစ်ပါတယ်။




ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)မှာ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သောအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထားတာဖြစ်ပြီး ၁၉၂၁ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ အနောက်တိုင်းဗိသုကာဟန်တွေ ရောနှောတည်ဆောက်ထားတဲ့ ဥရောပပုံစံအဆောက်အဦ တစ်ခုဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက မိသားစုနဲ့နအတူ ယခုအိမ်မှာ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရတဲ့နေ့အထိ နေထိုင်ခဲ့တာဖြစ်လို့ ပြတိုက်အတွင်း ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူးအစည်းအဝေးခန်း၊ ဘုရားခန်း၊ ဗိုလ်ချုပ် အောင်ဆန်း အားလပ်ချိန်တွင် စိုက်ပျိုးသော စိုက်ခင်း ၊ ဗိုလ်ချုပ်အောင်ဆန်း စီးနင်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစား မော်တော်ယာဉ်နဲ့ ဓာတ်ပုံမှတ်တမ်းပြခန်းတွေ ခင်းကျင်း ပြသထားရှိပါတယ်။




အများပြည်သူများအနေနဲ့ တနင်္လာနေ့နဲ့ ပြန်တမ်းဝင်ရုံးပိတ်ရက်တွေမှအပ ကျန်နေ့ရက်တွေနဲ့ အာဇာနည်နေ့မှာ မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ အခမဲ့လာရောက် လေ့လာကြည့်ရှုနိုင်ပါတယ်။
