၁၉. ၇. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဂျောင်ဝိုင်းကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်း လုပ်ငန်းပြန်လည်ဆောင်ရွက်နေပြီး လွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများ ထပ်မံဖြည့်သွင်းခြင်းတို့ကို ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၁၈ ရက်တွင် အဆိုပါ ဂျောင်ဝိုင်းလွန်းကျင်းသို့ သွားရောက်စစ်ဆေးစဉ် မှာကြားခဲ့သည်
SAC ဥက္ကဋ္ဌသည် ဂျောင်ဝိုင်းကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်းသို့ သွားရောက်စစ်ဆေးစဉ် လွန်ကျင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လွန်းကျင်းလုပ်ငန်းများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေး၊ လွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများ ထပ်မံဖြည့်သွင်းခြင်းတို့ကို ဆောင်ရွက်၍ အကျိုးရှိအောင် ဆက်လက်ဆောင်ရွက်သွားနိုင်ရေး၊ သန့်ရှင်းသပ်ရပ်မှုနှင့် ထိန်းသိမ်းမှုများစနစ်တကျဖြစ်စေရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ဂျောင်ဝိုင်းလွန်းကျင်းအား ၁၉၈၁-၁၉၈၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ရေလုံလွန်းကျင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ရေယာဉ်အစီးရေ ၄၉ စီးကို လွန်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။
ထို့နောက် လုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်ခဲ့ကြောင်း၊ ဂျောင်ဝိုင်းရေလုံ လွန်းကျင်းသည် သက်တမ်းကြာမြင့်ပြီဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုမရှိခြင်းကြောင့် လုပ်ငန်းရပ်နားချိန်ကြာမြင့်ပါက ပျက်စီးဆုံးရှုံးမှုများ ပိုမိုများလာနိုင်သဖြင့် SAC ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
