၁၈.၇.၂၀၂၅
Written by Hey Mar
ငလျင်ကြောင့် ထိခိုက်ထားတဲ့ ဟိုတယ်ကို ပြန်လည်ပြုပြင်ပြီး ဆေးသုတ်တဲ့လုပ်ငန်းစဉ် ဆောင်ရွက်နေစဉ် အလုပ်သမားတစ်ဦး ငါးထပ်အမြင့်ကနေ ပြုတ်ကျတဲ့ဖြစ်စဉ် မနေ့က ဇူလိုင် ၁၇ ရက် မနက် ၁၀ ကျော်အချိန်က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မြရည်နန္ဒာ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မန္တလေးမြို့ ၄၇ လမ်း ၁၀၉ D ထောင့်က အထပ်မြင့်တိုက်မှာဖြစ်ခဲ့တာဖြစ်ပြီး ပြုတ်ကျရတဲ့ အကြောင်းအရင်းက အဆိုပါ အလုပ်သမားမှာ ဆယ်ထပ်အမြင့်ကနေ ကြိုးနဲ့တွဲဆိုင်းပြီး ဆေးသုတ်လာရာ ငါးထပ်အရောက် အပေါ်က ချည်ထားတဲ့ကြိုး ပြေကျတာကြောင့် အခုလို ပြုတ်ကျတာလို့လည်း သိရပါတယ်။ ကံကောင်းစွာနဲ့ အသက်အန္တရာယ် မထိခိုက်ပေမယ့် ပြုတ်ကျတဲ့အရှိန်ကြောင့် ခြေနှစ်ချောင်းတော့ သွင်သွင်ကျိုးခဲ့တယ်လို့လည်း မြရည်နန္ဒာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါအသင်း တာဝန်ရှိသူက “တော်သေးတာက ဦးခေါင်းထိခိုက်ပေမယ့် မပြင်းထန်ဘူး။ ခြေထောက် နှစ်ဖက်ကတော့ တစ်ဖက်က အတွင်းထဲမှာ ကျိုးတယ်။ နောက်တစ်ဖက်က အပြင်ကို အရိုးဖောက်ထွက်ပြီးကျိုးတယ်။ မနက်က အခြေအနေ ဆေးရုံကို လှမ်းမေးတော့ ကောင်းတယ်လို့ ကြားရပါတယ်” လို့ MT News ကို ပြောပါတယ်။
အဆိုပါ ကန်ထရိုက်အဖွဲ့က ရန်ကုန်ကနေ မန္တလေးကို လာရောက် လုပ်ကိုင်ကြတဲ့ အဖွဲ့ဖြစ်ပြီး ပြုတ်ကျကာ ဒဏ်ရာရရှိသူမှာ အသက် ၂၅ နှစ်အရွယ် လူရွယ်တစ်ဦးလို့လည်း သိရပါတယ်။ အဆိုပါဒဏ်ရာရ လူငယ်ကို မြရည်နန္ဒာ လူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ အထပ်မြင့်တိုက် ခုနစ်လွှာကနေ လေအေးပေးစက် တက်ရောက်ပြုပြင်တဲ့ လူငယ် လုပ်ငန်းခွင်အတွင်း မတော်ဆပြုတ်ကျသေဆုံးခဲ့ပြီး ၁၆ ရက်နေ့မှာတော့ အခကြေးငွေယူကာ သစ်ပင်ခုတ်ပေးတဲ့ သက်ကြီးပိုင်းအမျိုးသားတစ်ဦး သစ်ပင်ပေါ်က ပြုတ်ကျသေဆုံးမှု တောင်ငူမှာ ဖြစ်ပွားခဲ့ပါသေးတယ်။
