၁၈. ၇. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး) ပြင်ဆင်ခင်းကျင်း ပြသထားရှိမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

SAC ဥက္ကဋ္ဌသည် ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော်တော်ယာဉ်နှင့် မှတ်တမ်းဓာတ်ပုံများပြခန်း၊ ပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူ၊ ဗိုလ်ချုပ်၏ငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့်အသုံးအဆောင်ပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ နောက်ခံသမိုင်းအကျဉ်း၊ ဧည့်ခန်း၊ အိပ်ခန်း၊ ဘုရားခန်း၊ စာကြည့်တိုက်နှင့် အထူးအစည်းအဝေးခန်းများအတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ ပန်းချီကားများ၊ ဓာတ်ပုံများနှင့် ပရိဘောဂပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ဖတ်ရှုလေ့လာခဲ့သည့် စာအုပ်များနှင့် ဗိုလ်ချုပ်၏ သမိုင်းမှတ်တမ်းများအား ရေးသားထားသော ခေတ်အဆက်ဆက်တွင် ထုတ်ဝေခဲ့သည့် စာအုပ်များအား စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်း စီးနင်းခဲ့သည့်မော်တော်ယဉ်အား ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးမူကိုမထိခိုက်စေဘဲ ရှေးဟောင်းမူလလက်ရာများအတိုင်း ဖြစ်စေရန်အတွက် ယခင်မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီး စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက်အတွင်းရှိ ဓာတ်ပုံများအား နည်းပညာများအသုံးပြု၍ ထိန်းသိမ်းဆောင်ရွက်ပြီး ယခုထက်ပိုမိုကောင်းမွန် ကြည်လင်ပြတ်သားသည့်ပုံများဖြစ် အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်များအား အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ အမှိုက်သရိုက်များ မရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို SAC ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သောအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်း၊ ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့သော အဆောက်အဦဖြစ်ပြီး အနောက်တိုင်းဗိသုကာဟန်များ ရောနှောတည်ဆောက်ထားသော ဥရောပပုံစံအဆောက်အဦ တစ်ခုဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယခုအိမ်၌ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ကြောင်း၊ ပြတိုက်အတွင်း ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူးအစည်းအဝေးခန်း၊ ဘုရားခန်း၊ ဗိုလ်ချုပ် အောင်ဆန်း အားလပ်ချိန်တွင် စိုက်ပျိုးသော စိုက်ခင်း ၊ ဗိုလ်ချုပ်အောင်ဆန်း စီးနင်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစား မော်တော်ယာဉ်နှင့် ဓာတ်ပုံမှတ်တမ်းပြခန်းတို့အား ခင်းကျင်း ပြသထားရှိပြီး အများပြည်သူများအနေဖြင့် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက် များမှအပ ကျန်နေ့ရက်များနှင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည် နေ့တို့တွင်နေ့စဉ် နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲ အချိန်အထိ အခမဲ့ လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ထို့နောက် SAC ဥက္ကဋ္ဌသည် ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အဦသို့ ရောက်ရှိပြီး အဆောက်အဦအတွင်း ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်း အထောက်အထား စာရွက်စာတမ်းများနှင့် ဓာတ်ပုံများ ထိန်းသိမ်းထားရှိမှုနှင့် လွှတ်တော်ခန်းမ ထိန်းသိမ်းထားရှိမှုတို့ကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဓာတ်ပုံများနှင့် စာရွက်စာတမ်းများအား ခေတ်မီနည်းပညာများအသုံးပြု၍ ကြည်လင်ပြတ်သားမှုရှိအောင် ဆောင်ရွက်ပြီး ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများအား အညွှန်းဖော်ပြရာတွင်လည်း ရေးထုံးသတ်ပုံများ စနစ်ကျမှန်ကန်မှုရှိရန်နှင့် လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနားလည်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ယင်းနောက် ဝန်ကြီးများရုံးအဆောက်အဦအတွင်း လှည့်လည်၍ ဗိုလ်ချုပ်ရုံးခန်းနှင့် အစည်းအဝေးခန်းမအတွင်း ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရမှုအား ပြသထားရှိမှု၊ ဓာတ်ပုံပြခန်းအတွင်း သမိုင်းဝင်ဓာတ်ပုံများ ပြသထားရှိမှု၊ သမိုင်းဝင် အထောက်အထားများ ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုနှင့် အဆောက်အဦ ထိန်းသိမ်းထားရှိမှုတို့အား SAC ဥက္ကဋ္ဌက ကြည့်ရှုစစ်ဆေးခဲ့သည်။
အစည်းအဝေးခန်းမအတွင်း၌ ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထား ဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထား ဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အဦသည် တန်ဖိုးဖြတ်၍မရသည့် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦ၏ အချို့နေရာများ၌ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်ထိန်းသိမ်း နိုင်ရေး ပညာရှင်များဖြင့် စနစ်တကျ သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
