
၁၈. ၇. ၂၀၂၅
Written by Hey Mar
ရေနစ်သူကို ဆင်းကူညီတဲ့ လူငယ်က ရေပြန်နစ်ကာ သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇူလိုင် ၁၈ ရက်နေ့ ညနေ ငါးနာရီဝန်းကျင်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆) ရပ်ကွက်၊ ယောက်ကော်ပန်းခြံဝန်းအတွင်းရှိ ရေကန်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မြို့ဦးလုလင် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
အဆိုပါ ရေနစ်သေဆုံးသူလူငယ်က အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး၊ တောင်ဒဂုံ ၂၄ ရပ်ကွက်မှာ နေထိုင်သူလို့ သိရပါတယ်။

“ဘေးပတ်ဝန်းကျင်က ပြောတာတော့ သူများနစ်နေတာ ကူညီရင်း သူပါနစ်တာလို့ ပြောပါတယ်။ ရေငုပ်ရှာဖွေတာကိုတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ H Recuse က ဆောင်ရွက်ခဲ့တာပါ။ မိသားစုနဲ့လည်း ရှင်သန်ခြင်း လူမှုကူညီရေးအသင်းက ရှာဖွေချိတ်ဆက်ပေးလို့ အဆက်အသွယ်ရပါတယ်။ ရုပ်အလောင်းကိုတော့ ကျွန်မတို့ မြို့ဦးလုလင်နာရေးကားနဲ့ သယ်ပေးပြီး သင်္ဃန်းကျွန်းစံပြဆေးရုံဆီ ပို့ပေးခဲ့တာပါ” လို့ မြို့ဦးလုလင် လူမှုကူညီရေးအသင်းထံ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
