၁၈. ၇. ၂၀၂၅
Written by Nyein Kyaw
ပြည်သူ့ဆေးရုံများတွင် အရေးပေါ်လူနာများ အချိန်ပြည့် လက်ခံကုသနိုင်ရေးနှင့် လူနာများကို ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲရငွေ လျော့နည်းစေရေးတို့အတွက် စီစဉ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမှူးအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
ပြည်သူများ နေရာထိုင်ခင်းကောင်းမွန်စွာဖြင့် စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများ မွမ်းမံပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် အဆင့်မီ ဆေးကုပေးခြင်း၊ ဆေးဝါးများ၊ ခေတ်မီဆေးပစ္စည်းကိရိယာများ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးခြင်းတို့ကို နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြည်သူ့ဆေးရုံများအနေဖြင့် အရေးပေါ်လူနာများ အချိန်ပြည့် လက်ခံ ကုသနိုင်ရေး စီမံထားရှိပြီး လူနာများကို တတ်နိုင်သမျှ ကုန်ကျစရိတ် မရှိစေဘဲ စိုက်ထုတ် သုံးစွဲရငွေ လျော့နည်းစေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်၏ ဆေးရုံအသီးသီးနှင့် ကျန်းမာရေးကဏ္ဍအသီးသီးတွင် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ကြရဦးမည်ဖြစ်ကြောင်း၊ အရေအတွက်သာမက အရည်အချင်းနှင့် အဖက်ဖက်မှပြည့်စုံသည့် ဆေးပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများဖြစ်အောင် ကြိုးစားလေ့ကျင့် ထမ်းဆောင်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။
