၁၈ .၇. ၂၀၂၅
Written by Hey Mar
တစ်နယ်တကျေးကနေ မန္တလေးမြို့မှာ လာရောက်အလုပ် လုပ်ကိုင်သူ အမျိုးသားတစ်ဦး အလုပ်ရှင်က နှင်ထုတ်လိုက်လို့ နေစရာ စားစရာ အခက်အခဲဖြစ်ပြီး နေမကောင်းဖြစ်ပွားကာ လမ်းဘေးမှာသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇူလိုင်လ ၁၈ ရက်နေ့ မနက် ကိုးနာရီကျော်အချိန်က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြရည်နန္ဒာ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ မနက် ၉ နာရီ ၃၅ မိနစ်အချိန်ခန့်က မန္တလေးမြို့ မြို့ပတ်လမ်းရှိ ပေါ်တော်မူဘုရားအနီးမှာ ပြင်ပဒဏ်ရာမရှိပဲသေဆုံးနေတဲ့ အမျိုးသားတစ်ဦးရှိနေကြောင်း တာဝန်သိပြည်သူတစ်ဦးက မြရည်နန္ဒာ လူမှုကူညီရေး အသင်းထံ တယ်လီဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားလာတဲ့အတွက် ဖြစ်စဥ်နေရာဆီ သွားရောက်ကူညီပေးခဲ့တာလို့ သိရပါတယ်။
အသင်းတာဝန်ရှိသူက “ဘေးပတ်ဝန်းကျင်ကို မေးမြန်းကြည့်တော့ အဲ့ဒီသေဆုံးသူ အမျိုးသားက လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက အိပ်စရာနေရာ လိုက်တောင်းတယ်တဲ့။ အဖီလေး အကွယ်လေး နေရာပေါ့။ အရပ်ထဲကလည်း ဘယ်က မှန်းမသိတော့ စွတ်ပြီးမကူကြတာပေါ့။ အဲ့ဒါနဲ့ အခု သူ့အလောင်းတွေ့တဲ့ ပေါ်တော်မူနား နေနေတာတဲ့။ အစားအသောက် အာဟာရချို့တဲ့ပြီး နေမကောင်းပါ ဖြစ်သွားတယ်ထင်ပါတယ်”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူမှာပါရှိတဲ့ စမတ်ကတ်အရ အမည်မှာ ဦးကျော်သူ(အဘ)ဦးစိန်သောင်းဖြစ်ပြီး အသက် ၄၀ နှစ်အရွယ်ဖြစ်ကာ နေရပ်က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်ကကုန်းကျေးရွာအုပ်စု ကွင်းဝိုင်းကျေးရွာကလို့ ပါရှိတာကြောင့် အသင်းကပဲ ဧရာဝတီတိုင်းထဲက မိတ်ဘက်အသင်းတွေကနေတစ်ဆင့် မိသားစုထံ သတင်းရောက်ရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
” မိသားစုတွေဘက်က မလာရောက်နိုင်ဘူးလို့ အကြောင်းပြန်တယ်။ အဆင်တွေမပြေကြဘူးပေါ့။ ဒီမှာပဲ ဆေးရုံကြီးအစီအစဉ်နဲ့ သင်္ဂြိုဟ်ပါမယ်”လို့ မြရည်နန္ဒာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
သေဆုံးသူ အမျိုးသားကြီးကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ထားရှိကြောင်းနဲ့ စုပေါင်းသင်္ဂြိုဟ်မှာမို့ သင်္ဂြိုဟ်မယ့် နေ့ရက်တော့ အတိအကျတော့ မသိရှိရသေးကြောင်း၊ ဘာသာရေးထုံးတမ်းတွေအတိုင်းပဲ စီစဉ်သွားမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

