၁၈.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှာ အားကစားပြိုင်ပွဲတွေ၊ အနုပညာပွဲခင်းတွေ၊ အားကစားရုံတွေအတွင်းမှာလို ပွဲကြည့်ပရိသတ်များပြားတဲ့နေရာတွေမှာ စုံတွဲတစ်တွဲကို ပရိသတ်ထဲက ရုတ်တရက် မီးမောင်းထိုးရှာဖွေပြီး ပရိသတ်ရှေ့ လူမြင်ကွင်းကြီးမားတဲ့ ဗီဒီယိုကြီးတွေမှာ နှုတ်ခမ်းချင်းတေ့နမ်းနေကြတဲ့ ဒီစုံတွဲရဲ့ ပုံတွေကို ပြကြတာကို Kiss cam moment အဖြစ် သူတို့က ခေါ်ဝေါ်ပြုလုပ်လေ့ရှိတတ်ကြပါတယ်။ ဒါကိုလည်း ခုလိုပွဲမျိုးတွေမှာ ခေတ္တခဏ ရပ်ဆိုင်းချိန်တွေကျရင် လာရောက်ကြည့်ရှုတဲ့ လူကြီးတွေရော၊ လူငယ်တွေရော၊ စုံတွဲတွေပါအာရုံပြောင်းစေပြီး စိတ်ရွှင်ရွှင်မြူးမြူး ဖြစ်ကြစေဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလို့ ဆိုကြပါတယ်။
ဒါပေမယ့် မက်ဆာချူးဆက်ပြည်နယ်၊ ဘေ့ာစတန်မြို့ Coldplay ကဇာတ်ရုံမှာ ဇူလိုင်လ ၁၆ ရက်ညကပြုလုပ်ခဲ့တဲ့ kiss cam ရွေးချယ်ပွဲဖြစ်ရပ်ကတော့ ကုမ္ပဏီကြီးတစ်ခုက အမှုဆောင်အရာရှိချုပ်ရဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းကို ကမ္ဘာသိအောင် ဖွင့်ချလိုက်သလို ဖြစ်ခဲ့ရတယ် ဆိုရမှာပါ။
သူတို့စုံတွဲကတော့ ဆော့ဖ်ဝဲနဲ့ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီ Astronomer ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အန်ဒီဘိုင်ရွန်နဲ့ သူနဲ့ တိတ်တိတ်ပုန်းဖြစ်နေကြတယ်ဆိုရမယ့် ဒီကုမ္ပဏီရဲ့ လူသားအရင်းအမြစ်ဌာနအကြီးအကဲ မစ္စက်ခရစ်စတင်းကာဘော့တို့ပါပဲ။ သူတို့နှစ်ဦးက ဇာတ်လမ်းရှိကြပေမယ့် အခြားသူတွေနဲ့လက်ထပ်ပြီးသားတွေလည်းဖြစ်ကြပါတယ်။
သူတို့စုံတွဲပေါ် Kiss cam ရွေးဖို့ ကင်မရာမီးကရုတ်တရက် ကျလာချိန်မှာတော့ တစ်ဦးကိုတစ်ဦးဖက်ထားကြရာကနေ ဘိုင်ရွန်က ကင်မရာမြင်ကွင်းကနေ ပုန်းလျှိူးခေါင်းရှောင်နေတော့တာပါ။ ကာဘော့ခမျာလည်း မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး တစ်ဖက်ကိုလှည့်ကာ “ဒုက္ခပဲ၊ ငရဲရောက်တာပဲ” လို့ တတွတ်တွတ်ပြောနေတာကို တွေ့ကြရပါတယ်။
ဒီမှာသူတိုနှစ်ဦးရဲ့ အဖြစ်က တွေ့မြင်ရတဲ့တခြားပရိသတ်တွေအဖို့တော့ တကယ်လည်း ရွှင်မြူးဖွယ်ရာ Kiss cam moment ကို ဖြစ်စေခဲ့ပါတော့တယ်။ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ ခရစ်မာတင်ကတော့ “ ဒီစုံတွဲကြည့်ရတာ တစ်ခုခုဇာတ်လမ်းများရှိကြသလား။ ဒါမှမဟုတ် အရမ်းကိုရှက်နေကြသလားတော့ မသိဘူးဗျ” လို့ ဟာသနှော ပြောခဲ့ပါသေးတယ်။
သူတို့နှစ်ဦးရဲ့အဖြစ် ဗီဒီယိုလေးက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ရာမှာတော့ သူတို့နှစ်ဦးက သာမန်မဟုတ်ဘဲ ကုမ္ပဏီတစ်ခုတည်းက အမှုဆောင်အရာရှိချုပ်နဲ့ လူသားအရင်းအမြစ်ဌာနအကြီးအကဲဆိုတာ သိခဲ့ကြပါတော့တယ်။ ဒီမှာ လူမှုကွန်ရက်ပေါ်မှာတော့ အသုံးပြုသူတွေရဲ့ ထင်ကြေးပေးမှုတွေ ဟာသပြောကြားမှုတွေ ထွက်ပေါ်လာခဲ့တာပါ။ အများအပြားကတော့ ခုလိုကဇာတ်ရုံကို တိတ်တိတ်ပုန်းရှိသူနဲ့ကြည့်ရဲတာဆိုတာတော့ တကယ့်စွန့်စားမှုပဲလို့တောင် ပြောခဲ့ကြတာပါ။
ဘိုင်ရွန်ရဲ့ ဇနီးသည်က ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်က စာမျက်နှာကအမည်မှာ ခင်ပွန်းဖြစ်သူရဲ့ မိသားစုအမည် ဆက်လက်ဖော်ပြမှုကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ ကျော်မကောင်းကြားမကောင်း ဒီအဖြစ်လေးက ပိုလို့ အရှိန်မြင့်လာရပါတော့တယ်။ ဇနီးဖြစ်သူရဲ့ ဒီဖြစ်ရပ်ကို တုံ့ပြန်မှုပဲလို့ တချို့ကလည်း ဆိုကြပါတယ်။
ဒီဇာတ်လမ်းပေါ်ထွက်လာမှုက သူတို့နှစ်ဦးနဲ့ ရင်းနှီးခင်မင်သူတွေအဖို့တော့ တကယ့်ကို အံ့အားသင့်စေခဲ့တယ်ဆိုကြပါတယ်။ ကာဘော့က ၂၀၂၄ ခုနှစ် နိုဝင်ဘာလကမှ Astronomer မှာ ခန့်ထားခံခဲ့ရတာဖြစ်ပြီး ဘိုင်ရွန်က သူ့ ကို ထူးချွန်တဲ့ ခေါင်းဆောင်မှုရှိပြီး လူသားအရင်းအမြစ်ဌာနအကြီးအကဲအဖြစ် အတွေ့အကြုံ နှစ် ၂၀ လောက်ရှိတဲ့အတွက် ချီးကျူးခဲ့တာပါ။ မစ္စက်ကာဘော့ကလည်း ချီးကျူးမှုတွေက သူ့ကိုခွန်အားဖြစ်စေခဲ့တယ်လို့ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုအခါမှာတော့ Kiss cam moment ဇာတ်လမ်းကနေ ကမ္ဘာသိအောင်ဖြစ်ခဲ့ရတဲ့ သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းက ဘယ်လိုဖြစ်လို့ ဘယ်လိုခရီးဆက်ကြမလဲဆိုတာ ပြောလို့မရသေးဘူး ဖြစ်နေရပါတယ်။
Ref- New York Post


