MT News
၁၈. ၇. ၂၀၂၅
တရုတ်နိုင်ငံ ဘူမိဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့က တရုတ်နိုင်ငံမြောက်ပိုင်းအတွင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခင်က မသိရှိခဲ့ရသေးသော မြေရှားသတ္တုသိုက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
Huanghoite-(Nd) ဟု နိုင်ငံတကာ သတ္တုဗေဒအဖွဲ့အစည်း (International Mineralogical Association) က တရားဝင်အမည်ပေးထားသည့် ထိုမြေရှားသတ္တုမှာ နီအိုဒီမီယမ် (Neodymium) ဖြင့် ဖွဲ့စည်းထားသော ကာဗွန်နိတ် (Carbonate) သတ္တုအမျိုးအစားအသစ်ဖြစ်ပြီး၊ နီအိုဒီမီယမ်သည် လျှပ်စစ်မော်တော်ယာဉ် မော်တာများနှင့် ကမ်းလွန် လေအားတာဘိုင်များတွင် အရေးပါသည့် “သံလိုက်သတ္တု” (Magnet Metal) တစ်မျိုးဖြစ်သည်။
တရုတ်နိုင်ငံ ဘူမိသိပ္ပံတက္ကသိုလ် (ဝူဟန့်) (China University of Geosciences (Wuhan)) မှ သုတေသီများနှင့် အတွင်းမွန်ဂိုလီးယား ဘူမိဗေဒလေ့လာရေးအဖွဲ့ (Inner Mongolia Geological Survey Institute) တို့က ၎င်းသတ္တုသိုက်ကို ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တု တူးဖော်ရေးမိုင်းတွင်းဖြစ်သော ပိုင်ယွင်အဲ့ပေါ် သတ္တုသိုက်၏ အဓိကသတ္တုရိုင်းတည်ရှိရာ အလယ်ပိုင်းအလွှာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘူမိဗေဒပညာရှင်အဖွဲ့ကို ဦးဆောင်ခဲ့သူ ကျောက်လိုင်စီက ဤတွေ့ရှိမှုသည် သတ္တုသိုက်၏ ရှုပ်ထွေးသော ဘူမိဓာတုဗေဒ သဘာဝနှင့် သယံဇာတမျိုးစုံ ကြွယ်ဝမှုကို ထင်ဟပ်ပြသနေကြောင်း ပြောကြားခဲ့သည်။
လက်ရှိအသုံးပြုနေသော ရှားပါးမြေရှား အမျိုးအစား ၁၇ မျိုးရှိပြီး ၁၅ မျိုးမှာ Lanthanide (လန်သာနိုက်) အမျိုးအစားများဖြစ်ကာ အခြားနှစ်မျိုးမှာ Scandium (စကန်ဒီယမ်) နှင့် Yttrium တို့ ပါဝင်သည်။
ယခုတွေ့ရှိသော Huanghoite- (Nd) ကို Bayan Obo သတ္တုသိုက်မှ တွေ့ရှိခဲ့ပြီး Huanghoite-(Nd) မှာ International Mineralogical Association (IMA) က တရားဝင် အသိအမှတ်ပြုထားသည့် Neodymium (နီယိုဒီမီယမ်) ဓာတ် အဓိက ပါဝင်နေသော ကာဗွန်နိတ်အမျိုးအစား သတ္တုသစ် ဖြစ်သည်။ Huanghoite-(Ce) ဆိုသည့် Cerium (စီရီယမ်) ဓာတ်ပစ္စည်း အဓိကပါဝင်သော Huanghoite မျိုးကွဲမှာ ၁၉၆၁ ခုနှစ်ကတည်းက တွေ့ရှိခဲ့ပြီး Huanghoite-(Nd) ကိုမူ Neodymium ပါဝင်မှုကြောင့် မျိုးကွဲအသစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရခြင်းဖြစ်သည်။
