၁၈. ၉. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံသို့ ရောက်ရှိသွားပြီးနောက် မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည့် ပျောက်ဆုံးနေသော တရုတ်ဆယ်ကျော်သက် အနည်းဆုံး ငါးဦး၏ အမှုများကို တရုတ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပြီး ၎င်းတို့သည် ကျားဖြန့် အွန်လိုင်းလိမ်လည်မှုစင်တာများတွင် ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်ထားသည်။
တရုတ်နိုင်ငံအလယ်ပိုင်း အန်ဟွေးပြည်နယ်မြို့တော် ဟဲဖေးမြို့ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် အသိပေးကြေညာချက်ထုတ်ပြန်ကာ မြန်မာနယ်စပ်နှင့်ထိစပ်နေသော အနောက်တောင်ပိုင်းပြည်နယ်ဖြစ်သည့် ယူနန်ရှိ မြို့တစ်မြို့သို့ သွားရောက်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ဦး ပျောက်ဆုံးနေကြောင်း အတည်ပြုခဲ့သည်။
၎င်း၏မိဘများ၏ ပြောကြားချက်အရ အဆိုပါကျောင်းသားသည် ဧပြီလတွင် ဟဲဖေး၌ အလုပ်ရှာရန် ကျောင်းမှထွက်ခွာသွားခဲ့သည်။ ၎င်းသည် မိဘများကို အလုပ်လုပ်သည့်နေရာကို ပြောပြခဲ့သော်လည်း ဇွန်လနှောင်းပိုင်းတွင် ၎င်း၏မိခင်သည် ထိုလိပ်စာတွင် ရှာမတွေ့တော့ပေ။
၎င်းသည် ဇွန်လ ၅ ရက်နေ့က နန်ကျင်းမှ လေယာဉ်ဖြင့် ဆင်းသက်ပြီးနောက် ယူနန်၊ ကျင်းဟုန်ရှိ စားသောက်ဆိုင်တစ်ဆိုင်အနီးတွင် နောက်ဆုံးတွေ့မြင်ခဲ့ရကြောင်း သတင်းပို့ခဲ့သည်။ ကျင်းဟုန်ရဲတပ်ဖွဲ့က ၎င်းနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များ မရှိကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ပြီးခဲ့သည့်လအတွင်း အသက် ၁၈ သို့မဟုတ် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်များစွာသည် နွေရာသီကျောင်းပိတ်ရက်အတွင်း ခရီးထွက်ရန် သို့မဟုတ် အလုပ်လုပ်ရန် မိဘများမသိဘဲ ယူနန်သို့ သွားရောက်ခဲ့ကြပြီးနောက် နယ်စပ်ဒေသတွင် အဆက်အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။
ဟီနန်ပြည်နယ်ရှိ တရားဝင်သတင်းဌာနဖြစ်သည့် Elephant News ၏ ဖော်ပြချက်အရ ဟူဘေးမြို့မှ မိခင်တစ်ဦးက အင်္ဂါနေ့တွင် အကူအညီအရေးပေါ်တောင်းခံခဲ့ပြီး ၎င်း၏ အထက်တန်းကျောင်းသားဖြစ်သူ သားငယ်နှင့် အတန်းဖော်နှစ်ဦးတို့သည် ဇွန်လ ၂၄ ရက်နေ့က မြန်မာနယ်စပ်ရှိ ဆစ်ဆောင်ပန္နားတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်ခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း၊ ၎င်းတို့သည် အွန်လိုင်းလိမ်လည်မှုနှင့်သက်ဆိုင်သည့် ရာဇ၀တ်မှုများ အလွန်အမင်းဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည်ဟု သံသယရှိကြောင်း ပြောကြားခဲ့သည်။
ဟူဘေးရဲတပ်ဖွဲ့က အဆိုပါအမှုကို အတည်ပြုခဲ့ပြီး ကျောင်းသားသုံးဦးသည် ဇွန်လ ၂၅ ရက်နေ့တွင် ဆစ်ဆောင်ပန္နားဒေသသို့ ရောက်ရှိခဲ့ပြီး နှစ်ရက်အကြာတွင် ၎င်းတို့၏မိသားစုများ၊ သူငယ်ချင်းများနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့၏ နောက်ဆုံးမက်ဆေ့ချ်ကို နိုင်ငံခြားမှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုခဲ့သည်။
ဟူဘေးမှ မိခင်က ၎င်း၏သားသည် ယခင်က အင်တာနက်မှတစ်ဆင့် “သူငယ်ချင်း” တစ်ဦးနှင့် တွေ့ဆုံခဲ့ဖူးကြောင်း၊ ၎င်းသူငယ်ချင်းက “ကြံ့ချိုများ ပို့ဆောင်နေသည်” ဟုဆိုကာ ယူနန်သို့ သုံးဦးလုံးကို ခေါ်ဆောင်သွားရန် ဖိတ်ခေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဟူဘေးပြည်နယ် ဟွမ်ကျိုးရဲတပ်ဖွဲ့မှ အထူးအဖွဲ့တစ်ဖွဲ့ကို ယူနန်သို့ အလျင်အမြန်စေလွှတ်ကာ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းခဲ့ကြောင်း ရဲတပ်ဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခြားမိသားစုတစ်စုမှလည်း ရှန်စီပြည်နယ်တွင် အထက်တန်းအောင်ပြီးသား သားဖြစ်သူ ပန် (Peng) အမည်ရှိသူနှင့် ဇူလိုင် ၄ ရက်နေ့တွင် အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း Xiaoxiang Morning Herald သတင်းစာက ဖော်ပြခဲ့သည်။ ပန်သည် သူ၏ချစ်သူထံသို့ မြန်မာနိုင်ငံတွင် ရှိနေကြောင်း မက်ဆေ့ချ်ပေးပို့ခဲ့ရာ ချစ်သူက မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်သည့် သတင်းများကို ပန်ထံ ပေးပို့ခဲ့ရာ ပန်က ၎င်းသည် “လိမ်လည်ခံရခြင်းမရှိသေးပါ” ဟု ပြန်ကြားခဲ့သည်။
ပန်၏မိခင်၏ ပြောကြားချက်အရ ၎င်းနှင့် ပန်၏သူငယ်ချင်းအချို့သည် ၎င်း၏ဖုန်းနံပါတ်ကို ခေါ်ဆိုနိုင်ခဲ့သော်လည်း ဖုန်းဖြေသူသည် ပန်မဟုတ်ဘဲ မြန်မာနိုင်ငံမှဖြစ်ကြောင်းနှင့် ထိုနေရာရှိ အဆောက်အအုံများတွင် အလုပ်လုပ်နေကြောင်း ပြောဆိုခဲ့သည်။
“ကျွန်မတို့က ကျေးလက်မိသားစုပါ၊ ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေပြီ” ဟု ပန်၏မိခင်က ပြောကြားခဲ့သည်။ ထို့အတူ သူမသည် ပန်ကိုကယ်ထုတ်ချင်ပါက ယွမ် ၂၀၀,၀၀၀ (ဘတ် ၉၀၀,၀၀၀) ပေးရမည်ဟုဆိုသော ဖုန်းခေါ်ဆိုမှုများစွာကို မြန်မာနိုင်ငံဘက်ခြမ်းမှ လက်နက်ကိုင်များနှင့် ဆက်စက်သူများထံမှ လက်ခံရရှိခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ဟူဘေးပြည်နယ် ဟွမ်ကျိုးရဲတပ်ဖွဲ့က ကျောင်းသားများကို လုပ်ခကောင်းသည့် အချိန်ပိုင်းအလုပ်ကမ်းလှမ်းမှုများနှင့် အင်တာနက်မှ သူငယ်ချင်းများ၏ ဖိတ်ခေါ်မှုများကို သတိပြုရန် သတိပေးခဲ့သည်။
ကွမ်တုန်းအခြေစိုက် Yangcheng Evening News သတင်းစာက ကွမ်ကျိုးဘိုင်ယွမ်လေဆိပ်ရှိ နယ်စပ်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ မိဘများသည် ၎င်းတို့၏ကလေးများကို ပိုမိုကောင်းမွန်စွာ လမ်းညွှန်၊ ပညာပေးပြီး ကြီးကြပ်သင့်ကြောင်း၊ ရဲတပ်ဖွဲ့က အမှုများကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
လျင်မြန်စွာကြီးထွားလာနေသော တယ်လီကွန်းလိမ်လည်မှု၏ သားကောင်များမှာ ဆယ်ကျော်သက်ကျောင်းသားများသာ မဟုတ်ဘဲ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးက ထိုင်းနိုင်ငံတွင် လုပ်ကိုင်ရမည့် အလုပ်ကမ်းလှမ်းချက်ကို လက်ခံခဲ့သော်လည်း မြန်မာနိုင်ငံသို့ လှည့်ဖြားခေါ်ဆောင်ခြင်းခံခဲ့ရသည့် တရုတ်မော်ဒယ်လ်တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများရှိ အဆောက်အအုံများသို့ သွေးဆောင်၊ ပြန်ပေးဆွဲပြီး လူကုန်ကူးခံရသူဦးရေမှာ အများပြည်သူအသိပညာပေး လှုပ်ရှားမှုများ ထပ်တလဲလဲ ပြုလုပ်နေသော်လည်း မကြာသေးမီနှစ်များအတွင်း ဆက်လက်မြင့်တက်လာခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြန်ပေးဆွဲခံခဲ့ရသည့် တရုတ်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ၏အမှုက တရုတ်ကျားဖြန့်လိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံတကာရာဇဝတ် ဂိုဏ်းများကို လူအများ၏အာရုံစိုက်မှု ရရှိစေခဲ့သည်။
ဝမ်ရှင်းသည် ရုပ်ရှင်ရိုက်ကူးရေးအလုပ်ဟု အကြောင်းပြကာ အတုအယောင်အေးဂျင့်တစ်ဦးက ထိုင်းနိုင်ငံသို့ သွေးဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ ၎င်း၏ချစ်သူက သတိပေးချက်ပေးပြီးနောက် ကယ်ဆယ်နိုင်ခဲ့သည်။
ယခုနှစ်အစောပိုင်းမှစတင်၍ တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ သက်ဆိုင်ရာအစိုးရဌာနများသည် မြဝတီဒေသရှိ တယ်လီကွန်းနှင့် အင်တာနက်လိမ်လည်မှုရာဇ၀တ်မှုများကို ပြင်းထန်စွာတိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လိမ်လည်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် တရုတ်နိုင်ငံသား ၅,၄၀၀ ကျော်ကို ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့အတူ ဇူလိုင် ၄ ရက်နေ့တွင် တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား တယ်လီကွန်းနှင့် အင်တာနက်လိမ်လည်မှုရာဇ၀တ်မှုများကို ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံမြို့တော် နေပြည်တော်တွင် ကျင်းပခဲ့သည်။ ၎င်းတို့သည် မိမိတို့ပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။
Ref , Bangkok Post
