၁၆.၇.၂၀၂၅
Written By Zun
မန္တလေးတွင် စစ်ရှောင်နေသည့် အသက် ၁၀ နှစ်အရွယ် သမီးငယ်တစ်ဦး၏ မိခင် လမ်းဘေး၌ သေဆုံးမှု ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက်အချိန်က ဖြစ်ပွားခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်း(မန္တလေး) က သိရသည်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၄ လမ်းပေါ်တွင် ယနေ့ ဇူလိုင်လ ၁၆ ရက် နံ နက်ပိုင်းက သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသမီးမှာ အသက် ၄၀ ခန့်အရွယ် မတ္တရာမြို့နယ်အတွင်းက ဖြစ်ပြီး မန္တလေးသို့ စစ်ရှောင်နေစဉ် အိမ်ခြေယာခြေမဲ့၍ လမ်းဘေး၌ နေထိုင်ရပြီး ကျန်းမာရေးမကောင်းဖြစ်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတွင် အသက် ၁၀ နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့သောကြောင့် အဆိုပါ သမီးဖြစ်သူကို မိဘမဲ့ဂေဟာသို့ ပို့ဆောင်ရန်လည်း သက်ဆိုင်ရာနှင့် တိုင်ပင်ဆွေးနွေးနေကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို မဏီစလ လူမှုကူညီရေးအသင်း(မန္တလေး)မော်တော် ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားပြီး မနက်ဖြန် ဇူလိုင်လ ၁၇ ရက်တွင် သင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

“မနေ့ညကပဲ ကျွန်တော်တို့ သိရတာ။ သူက အတော် ဖျားနေတာ။ ညဦးပိုင်းကလေ။ မန္တလေးက မိုးကလည်း မတရားရွာနေတော့ အေးတယ်။အအေးပတ်ပြီး ဆုံးသွားတာလို့ ထင်ပါတယ်။ သေတဲ့အမျိုးသမီးက အသက် ၄၀ ဝန်းကျင်ပါဗျ။သူတို့က မတ္တရာဘက်က ဒီဘက်ကို စစ်ရှောင်လာပြီးတော့ အိမ်ခြေမဲ့ ဖြစ်နေတာပါဗျ။ သူတို့ သားအမိ နှစ်ယောက်တည်းပဲ နေတာ။ သူတို့နဲ့ သိတဲ့ အိမ်ခြေမဲ့တွေ ရှိတာပေါ့။ သူတို့ သားအမိ နှစ်ယောက်က ပန်းရောင်းတယ်။ အခုတော့ သူ့သမီးကို အရင်က သူတို့နဲ့ နေခဲ့တဲ့ အိမ်ခြေမဲ့နေတဲ့ သူတွေကခေါ်သွားတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို မနက်ဖြန် သင်္ဂြိုဟ်မှာပါ။ ပြီးရင် ကလေးကို ဘယ်လိုစီစဉ်မလဲဆိုတာ သက်ဆိုင် ရာနဲ့ တိုင်ပင်နေတယ်။ မိဘမဲ့ ကလေးဂေဟာကို ပို့ရမလား ဆိုတာမျိုးပေါ့”ဟု မြေပြင်တွင် လိုက်ပါ ကူညီခဲ့သူက MT News ကို ပြောသည်။
