၁၆.၇.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံမှာ အထက်တန်းကျောင်းသားတစ်ဦးရဲ့ မိဘတစ်ဦးနဲ့ဆရာမတစ်ဦးတို့ကို စာမေးပွဲ မေးခွန်းအဖြေလွှာတွေခိုးယူဖို့ ကျောင်းတစ်ကျောင်းအတွင်းကို ချိုးဖောက်ဝင်ရောက်ခဲ့ကြလို့ ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က AFP သတင်းဌာနကို ဇူလိုင် ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ နှစ်စဉ် ကောလိပ်ဝင်ခွင့် စာမေးပွဲကျင်းပနေချိန်ဆိုရင် အင်္ဂလိပ်စာ နားထောင်မှု စာမေးပွဲတွေအတွင်း လေယာဉ်တွေကို ရပ်နားထားရလို့ ပညာရေးအောင်မြင်မှုအပေါ် အထူးအလေးပေးတဲ့ နိုင်ငံအနေနဲ့လည်း လူသိများကြပါတယ်။
အဆိုပါကျောင်းသားမိဘနဲ့ ဆရာမတို့ဟာ မြို့တော်ဆိုးလ်ရဲ့ တောင်ဘက်ကီလိုမီတာ ၂၇၀ ခန့် အကွာမှာ ရှိတဲ့ အန်ဒုန်မြို့က အထက်တန်း ကျောင်းတစ်ခုအတွင်း စာမေးပွဲအဖြေလွှာတွေခိုးယူဖို့ ဇူလိုင်လ ၁၄ ရက် နံနက် ၁ နာရီမှာ ချိုးဖောက်ဝင်ရောက်ခဲ့ကြတာလို့သိရပါတယ်။ သူတို့ဖောက်ထွင်း ဝင်ရောက်တုံးမှာ သတိပေး ခေါင်းလောင်းတစ်ခုအသံမြည်ပြီး သူတို့ကိုဖမ်းမိခဲ့တာလို့ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ကျောင်းဆရာမနဲ့ အသက် ၄၈ နှစ်အရွယ် ကျောင်းသားတစ်ဦးရဲ့ မိခင်တို့က သူတို့ ကျူးလွန်ခဲ့မှုအတွက် ရဲစခန်းမှာ ဝန်ခံခဲ့ကြပါတယ်။
ဆရာမဖြစ်သူကအထက်တန်းကျောင်းသားအတွက် ပုဂ္ဂလိကကျူရှင်ဆရာတစ်ဦးလည်းဖြစ်ပြီး အဆိုပါ ကျောင်းမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလုပ်လုပ်ခဲ့တာပါ။
ရဲတပ်ဖွဲ့ က သူတို့နှစ်ဦးဟာ အရင်ကလည်း ဒီလိုမျိုး ခိုးယူမှုတွေလုပ်ခဲ့နတယ်လို့ သံသယရှိနေပါတယ်။ ရရှိတဲ့ပိုက်ဆံကိုတော့ သူတို့နှစ်ဦးခွဲဝေယူခဲ့ကြတာလို့ ဆိုပါတယ်။
ကျောင်းပြုပြင်ထိန်းသိမ်းရေးအလုပ်သမားတစ်ဦးကိုလည်း ကျောင်းထဲကို ဝင်ရောက်နိုင်ဖို့ ကူညီပေးခဲ့လို့ ရဲတပ်ဖွဲ့က ဖမ်းခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ခြောက်နှစ်အတွင်း အစိုးရကျောင်းနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ ကျောင်းဆရာ ၂၅၀ နီးပါးကို ပုံစံတူမေးခွန်းတွေကို ပြင်ပအဖွဲ့အစည်းတွေဆီ ရောင်းချခဲ့မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ လူတစ်ယောက်ကို ရောင်းချခ အမေရိကန်ဒေါ်လာ ၆၁,၀၀၀ ပျမ်းမျှရရှိတယ်လို့ဆိုပါတယ်။
Ref- AFP
