◾ ထိတွေ့တိုက်ပွဲများအတွင်း TNLA နှင့် လက်နက်ကိုင်များ၏ အလောင်း ၁၆၆ လောင်းအထိ ရရှိခဲ့
MT News
၁၆. ၇. ၂၀၂၅
TNLA လက်နက်ကိုင်များအနေဖြင့် ရက်ပေါင်း ၃၇၀ ကျော်ခန့် သိမ်းယူထားသည့် နောင်ချိုမြို့နယ်မှ ဇူလိုင် ၁၅ ရက်မှ စတင်ကာ ထွက်ပြေးခဲ့ရပြီဖြစ်ကြောင်း ယနေ့ နေ့လယ်ပိုင်းက ဝန်ခံခဲ့ပြီးနောက် တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ကလည်း “နောင်ချိုမြို့ကို နယ်မြေလုယက်သိမ်းယူပြီးနောက် ဘုန်းကြီးကျောင်းပါမချန် တပ်စွဲထားသည့် TNLA ကို ရှင်းလင်းလိုက်ကာ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ”ဖြစ်ကြောင်း ယနေ့ညတွင် အတည်ပြုထုတ်ပြန်လာသည်။

အေးချမ်းသာယာပြီး တိုးတက်မှုအဟုန်မြင့်မားနေသည့် နောင်ချိုမြို့ကို TNLA နှင့် PDF များသည် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်မှ စတင်၍ မြို့နှင့် မြို့လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ရင်း/တပ်ဖွဲ့၊ ဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း၊ အစိုးရအုပ်ချုပ်မှု ယန္တရားပျက်ပြားအောင် လုပ်ဆောင်ခဲ့ခြင်းများကြောင့် ကျောင်းသား/ကျောင်းသူ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံပြည်သူများသည် ဘေးဒုက္ခကြီးစွာဖြင့် နီးစပ်ရာ မြို့/ရွာ များရှိ ဆွေမျိုးများ၏ နေအိမ်များ၊ ယာယီတိုက်ပွဲရှောင်စခန်းများသို့ မိမိတို့၏ တိုက်တာ အိုးအိမ်အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ထိုသို့ သာလွန်အင်အားဖြင့် အလစ်အငိုက် လာရောက်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်စစ်ကြောင်းများသည် နောင်ချိုမြို့နှင့် မိမိတို့၏ တပ်ရင်းဌာနချုပ်များ၊ ရန်သူ့လက်တွင်းသို့ မကျဆုံးစေရေးအတွက် မိမိတို့၏ အသက်ကို ပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာဖြင့် အပြင်းအထန်ခုခံခဲ့သော်လည်း ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရရှိမှု များပြားလာခြင်းနှင့် ရန်သူမှ အင်အားအဆမတန် များပြားလာခြင်းတို့ကြောင့် ကြားခံစစ် အဆင့်ဆင့်ဖြင့် ခံစစ်ဆင် ဆုတ်ခွာခဲ့ကာ တောင်ခမ်းတပ်နယ်နှင့် ပြင်ဦးလွင်တပ်နယ်တို့ရှိ နယ်မြေခံတပ်များနှင့် ပူးပေါင်း၍ တောင်ခမ်းနှင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ် ထိစပ်နေသည့်ဒေသတို့၌ ယာယီခံစစ်ဆင်ကာ အကြမ်းဖက်အဖွဲ့များ၏တိုက်ခိုက်မှုများကို ပြန်လည်ခုခံခဲ့သည်။

နောင်ချိုမြို့အား ယာယီထိန်းချုပ်ထားရှိပြီး စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တင်လာသည့် TNLA အဖွဲ့၊ MDY-PDF နှင့် ဓနု PDF များသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်မှ စတင်၍ တောင်ခမ်းတပ်နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများအတွင်း ဝင်ရောက်နေရာယူပြီး ရွာသူ/ရွာသားများအား လူသားတံတိုင်းသဖွယ် အသုံးပြု၍ တပ်မတော်စစ်ကြောင်းများနှင့် တပ်စခန်းများအား အင်အားအလုံးအရင်းဖြင့် စတင် တိုက်ခိုက်ခဲ့ကြရာ မိမိတပ်များက စစ်ဗျူဟာအရေးကြီးမြေများတွင် ဖြန့်ခွဲ၍ အသင့် ခံစစ်ပြင်ဆင်ခုခံတိုက်ခိုက်မှုများကြောင့် အလွယ်တကူ ထိုးဖောက်တိုက်ခိုက်နိုင်ခြင်း မရှိဘဲ Drone များ၊ လက်နက်ကြီးများအသုံးပြု၍ တပ်ရင်းဌာနချုပ်များနှင့် တပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး အဖွဲ့ငယ်များခွဲကာ အလစ်အငိုက်တိုက်ခိုက်ခြင်းများ၊ အဓိက အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်နေသည့် နောင်လင်း-မဲပုတ်-ဈေးကုန်းလမ်း၊ နားရှိုး-ဈေးကုန်းလမ်းဆုံ တို့အား ဖြတ်တောက်ပိတ်ဆို့ခြင်း၊ ယာပြင်-အင်းဖို-တောင်ရှည် လမ်းကြောင်းအား ထိုးဖောက်ဝင်ရောက်၍ တောင်ခမ်းရွာနေရာများကို ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်ခြင်း၊ နောင်လင်း-မဲပုတ်-မကျည်းရေ လမ်းကြောင်းမှတစ်ဆင့် တပ်မတော်စခန်းများအား တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပြင်ဦးလွင်-နောင်ချို ဆက်သွယ်ရေးလမ်းမကြီးပေါ်ရှိ ကျောက်ကြမ်း၊ အုမ္မခါး၊ ရေမောင်းတန်း၊ အုမ္မသီး၊ ဘန့်ဘွေးဒေသနှင့် ပြင်ဦးလွင်-မိုးကုတ်လမ်းကြောင်းပေါ်ရှိဟိုခို၊ သံဘို၊ ကျောက်မဲလေး ဒေသအထိ တိုးချဲ့တိုက်ခိုက်လာခဲ့သည်။

ထိုသို့တိုက်ခိုက်ခြင်းများကြောင့် တောင်ခမ်းဒေသသို့ တပ်မတော်မှ ကွန်မန်ဒို အဖွဲ့များ၊ စစ်ကူစစ်ကြောင်းများနှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများအား အမြန်ဆုံး ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ ပူးပေါင်းကာ မြေပြင်/ဝေဟင် ဟန်ချက်ညီပေါင်းစပ်ပြီး မြေပြင်သတင်း ဖော်ထုတ်၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် နေရာများသို့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ဖြင့် တန်ပြန်တိုက်စစ်များ အဆင့်ဆင့်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မကျည်းရေမှတစ်ဆင့် တောင်ခမ်းသို့ ဆက်သွယ်သည့် အုပ်ချုပ်မှုလမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ အလားတူ ကျောက်မဲလေး ဒေသမှ သံဘိုကျေးရွာအနီးနှင့် ဘန်ဘွေးဒေသမှ ဂန့်ဂေါ-အုမ္မသီးလမ်းခွဲတို့အား တန်ပြန်တိုက်စစ်ဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် TNLA အဖွဲ့နှင့် PDF အဖွဲ့များ၏ စိတ်ဓာတ်ရေးရာကို ပြင်းထန်စွာ ရိုက်ချိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အားပေး ထောက်ခံမှုကို အပြည့်အဝ ရရှိလာသည့်အတွက် တပ်မတော်စစ်ကြောင်းများမှ တိုက်ပွဲဝင် အရာရှိ၊ စစ်သည်များသည် စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်လို ခိုက်လိုစိတ်ပြင်းပြမှု တို့ဖြင့် အောင်မြေချဲ့ထွင်မှုများကို မြေပြင်၊ ဝေဟင် စစ်နည်းဗျူဟာမြောက် အဆင့်ဆင့် ပေါင်းစပ်၍ အကြမ်းဖက်သောင်းကျန်းသူများ ယာယီခံစစ်စခန်း တည်ဆောက်ထားသည့်နေရာများကို အဆင့်ဆင့်လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ပြီး နောင်ချိုမြို့အား ပြန်လည် သိမ်းပိုက်ရရှိရေး စစ်ကြောင်းများခွဲ၍ “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း” တိုက်ခိုက်ခဲ့ရာ တောင်ခမ်း-ကံကြီး-နောင်ချို လမ်းကြောင်းရှိ နမ့်ဆောင်ဟူးတစ်ဝိုက်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် လည်းကောင်း၊ တောင်ခမ်း-ရွှေသွန်း-ဂုတ်ထိပ်-နောင်ချို လမ်းကြောင်းရှိ ဂုတ်ထိပ်အနီးတစ်ဝိုက်အား ဇူလိုင်လ ၁၂ ရက်နေ့တွင် လည်းကောင်း၊ ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ အုမ္မသီးလမ်းခွဲမှ အုမ္မခါး ကျေးရွာအထိအား ဇွန်လ ၂၅ ရက်တွင်လည်းကောင်း၊ ကျောက်ကြမ်းနေရာ တစ်ဝိုက်အား ဇူလိုင်လ ၁၅ ရက်နေ့တွင် လည်းကောင်း၊ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက နောင်ချိုမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး အဆင့်ဆင့်ပစ်ကျင်းများတူး၍ ချဉ်းကပ်ခဲ့ပြီး အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ ၁၁ လ အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၂၀ ကြိမ်၊ ထိတွေ့မှုပေါင်း ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ထင်ရှားသည့်တိုက်ပွဲများအနေဖြင့် ငုံးမင်းစေတီတိုက်ပွဲ၊ ပွိုင့် (၁၁၃၀)တိုက်ပွဲ၊ ဇေတဝန်ဘုရားကုန်းတိုက်ပွဲ၊ မန်ကျည်းရေဘုန်းကြီးကျောင်း တိုက်ပွဲ၊ထုံးဖိုစုကျေးရွာတိုက်ပွဲ၊ ကမ္ဘောဇဘုန်းကြီးကျောင်းတိုက်ပွဲ၊ နားရှိုးကျေးရွာတိုက်ပွဲ၊ ရွှေစံဖော်ဘုန်းကြီးကျောင်းတိုက်ပွဲ၊ ဆယ်တောင်ပြည့်ဘုရားကုန်းတိုက်ပွဲ၊ မန်မော ကျေးရွာတိုက်ပွဲ၊ တောင်ရှည်ကျေးရွာတိုက်ပွဲ၊ ကျောက်ကြမ်းတိုက်ပွဲ၊ နမ့်ဆောင်ဟူး တိုက်ပွဲ၊ မျက်ချင်းနုတိုက်ပွဲ၊ ရွှေပြည်ညွန့်တိုက်ပွဲ၊ ရွှေသွန်းတိုက်ပွဲ၊ ကုန်းစံတိုက်ပွဲ၊ ဂုတ်ထိပ်တိုက်ပွဲ၊ ပွိုင့်-၁၁၁၈ တိုက်ပွဲများဖြစ်ပြီး ရန်သူ့ထံမှ အလောင်း ၁၇၁ လောင်းနှင့် လက်နက်မျိုးစုံ ၁၆၆ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်စစ်ကြောင်းများ၏ တန်ပြန်ထိုးစစ်အား ဆက်လက်ခုခံနိုင်ခြင်းမရှိတော့ဘဲ ထိခိုက်ကျဆုံးများစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားခဲ့သဖြင့် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ၁၂ နာရီချိန်ခန့်တွင် နောင်ချိုမြို့ တစ်မြို့လုံးအား တပ်မတော်က အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်ခြင်းဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ မိမိအိုးအိမ်နေရာများ၊ မိမိတို့၏ စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်နေထိုင်လိုသည့် ဆန္ဒ၊ အကြမ်းဖက် သောင်းကျန်းသူများ၏ အသက် အန္တရာယ် ရန်ပြုမှုဘေးမှ ကင်းဝေးပြီး အေးချမ်းစွာ မိမိလူမှုစီးပွားဘဝအတွက် ရှာဖွေစားသောက်လုပ်ကိုင်လိုစိတ်ဆန္ဒများကို ဖြည့်ဆည်း ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

တိုက်ပွဲကာလများမတိုင်မီ နိုင်ငံရေးခံယူချက် မတူညီမှုကြောင့် တပ်မတော်အား မထောက်ခံသူ လူနည်းစုဖြစ်သော အရပ်သားပြည်သူအချို့နှင့် နေအိမ်၊ ဥစ္စာပစ္စည်း များကို စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများသည် ၎င်းတို့ TNLA အဖွဲ့နှင့် PDF အဖွဲ့များ၏ လက်အောက်သို့ ရောက်ရှိသွားပါက အခြေခံ လူ့အခွင့်အရေး ဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဖက်ဖက်မှ နိမ့်ကျသွားနိုင်သည်ကို လက်တွေ့သဘောပေါက်နားလည်လာသည့် အတွက် တပ်မတော်အား စိတ်အားထက်သန်စွာ အားပေးထောက်ခံလာကြပြီး မြေပြင် သတင်းရရှိမှုများအား နီးစပ်ရာ တပ်မတော်စစ်ကြောင်းများထံသို့ သတင်းပေးပို့ခြင်း၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်လာခဲ့သည်။
TNLA အဖွဲ့နှင့် PDF အဖွဲ့များအနေဖြင့် နောင်ချိုမြို့နှင့် ၎င်းဒေသအား ယာယီသိမ်းပိုက်ထိန်းချုပ်ထားစဉ် မြို့/ရွာများအတွင်းရှိ ဘာသာရေး ဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်း အဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် ဒေသခံပြည်သူများ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအားဖောက်ထွင်း၍ တန်ဖိုးကြီး ပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ အများပြည်သူ သွားလာလျက်ရှိသည့် လမ်းများအား မြေဖြတ်ခြင်းများ ပြုလုပ်ဖျက်ဆီး ခြင်း၊ လမ်းပန်းဆက်သွယ်ရေးတွင် အဓိကအချက်အခြာကျသည့် ဂုတ်တွင်းတံတား အပါအဝင် အခြားလမ်း/တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်စီးခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်းတွေ့ရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် နောင်ချိုမြို့အတွင်းသို့ ယာယီနေရပ် စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများအား အန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဝင်ရောက် နေထိုင်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေး ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ အကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာရက်စက်စွာ ဆောင်ရွက်ခဲ့သည့် မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းရေး ဦးစားပေးရှင်းလင်းဖော်ထုတ် လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ရုံး/ဌာန အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက် အအုံများနှင့် လူနေအိမ်များအား ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံး ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နယ်မြေ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
