၁၆.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းစစ်ပွဲကို ရက် ၅၀ အတွင်း ရပ်တန့်စေဖို့ သဘောတူညီချက်မရခဲ့ရင် ရုရှားအပေါ်လည်းစီးပွားရေးပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်မယ်လို့ ခြိမ်းခြောက်မှုအပေါ် ရုရှားတာဝန်ရှိသူတွေနဲ့ နိုင်ငံပိုင်မီဒီယာတွေကတော့ များစွာအလေးဂရုပြုပုံမရဘူးလို့ ဇူလိုင်လ ၁၅ ရက်သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
အမေရိကန်သမ္မတရဲ့ အိမ်ဖြူုတော်ရှိ Oval Officr ခန်းမမှာ နေတိုးအုပ်စု အတွင်းရေးမှူးချုပ် မာ့က်ရုတီနဲ့တွေ့ ခဲ့တုံးမှာ သမ္မတထရမ့်ပ်က ယူကရိန်းစစ်ပွဲကို ရက် ၅၀ အတွင်း ရပ်တန့်စေဖို့ သဘောတူညီချက်မရခဲ့ရင် ရုရှားနဲ့စီးပွားရေးဆက်ဆံတဲ့နိုင်ငံတွေကို ကုန်သွယ်စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းအထိ ကောက်ခံမယ်လို့ ဇူလိုင်လ ၁၄ ရက်မှာ ပြောခဲ့တာပါ။ သူက ပူတင်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ပိုမိုကြိုးစားဆောင်ရွက်မှု မလုပ်ခဲ့တဲ့အတွက်လည်း အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုခဲ့ပါသေးတယ်။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဇူလိုင်လ ၁၅ ရက်မှာ “အမေရိကန်သမ္မတရဲ့ ကြေညာချက်က စိုးရိမ်စရာတစ်ခုလို့တော့ ဆိုရမှာပေါ့။ ဝါရှင်တန်မှာ ဘာတွေပြောခဲ့လဲ ပိုင်းခြားစိတ်ဖြာဖို့ ကျွန်တော်တို့ အချိန်တော့လိုမယ်။ တကယ်လို့ သမ္မတပူတင်က လိုအပ်တယ်လို့ ယူဆရင် သူ့အနေနဲ့ မှတ်ချက်ပေးလိမ့်မှာပေါ့” လို့ ပြောခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ပြောကြားခြိမ်းခြောက်ချက်တွေအပေါ်မှာတော့ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရပ်ကော့ဗ်က “ရုရှားအစိုးရအနေနဲ့ ထိပ်တိုက်တွေ့ဆုံရဖို့ထက် သံခင်းတမန်ခင်းအရ ဆောင်ရွက်ဖို့ ပိုပြီး နှစ်သက်တာပါ။ ဒါပေမယ့် တောင်းဆိုမှုပြုလာတဲ့ပုံစံတွေက အထူးသဖြင့် ရာဇသံပေးသလိုတွေဖြစ်နေတယ်။ ဒါမျိုးကျွန်တော်တို့ လက်ခံမှာမဟုတ်ဘူး” လို့ ဆိုခဲ့ပါတယ်။
Ref- Moscow Times
