ပုံစာ။ နောင်ချိုမြို့ကို ပြန်လည် သိမ်းပိုက်လိုက်သည့် တပ်မတော်သားများ ရှင်းလင်းဆောင်ရွက်နေမှု ပုံရိပ် (Photo - Credit)
နေမိုး
၁၆. ၇. ၂၀၂၅
နောင်ချိုမြို့ကို တပ်မတော်က လက်နက်ကြီးနှင့် ဒရုန်းဗုံး အလုံး ၅၀၀၀ ခန့်ကြဲချသဖြင့် ဇူလိုင် ၁၅ ရက်နေ့ကတည်း မြို့ပေါ်မှ ထွက်ပြေးခဲ့ရသည်ဟု တအာင်းပလောင် လက်နက်ကိုင် TNLA က ယခု ဝန်ခံလာသည်။
၂၀၂၄ ဇူလိုင် ၁၀ ရက်တွင် TNLA က နယ်မြေလုယက်သိမ်းယူခဲ့ပြီးနောက် ယခုနှစ် ဇွန်လဆန်းမှစတင်ကာ တပ်မတော်က ထိုးစစ်ဆင်သိမ်းယူခဲ့သော်လည်း TNLA ကမူ ၂၀၂၅ ခုနှစ် မေလမှ စတင်ပြီး ဇူလိုင်လလယ်ပိုင်းအထိ တပ်မတော်သည် နောင်ချိုမြို့တွင်းနှင့် နောင်ချိုမြို့အနီးရှိကျေးရွာများသို့ ဦးတည်၍ မြေပြင်တွင် အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းနှင့် တပ်မတော်က လုပ်ဆောင်ခြင်းမရှိသည့် အဆိပ်ငွေ့ဗုံးများကြဲချဲ၍ တိုက်ခိုက်ခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိသည်ဟု တစ်လခွဲအတွင်း အသိမ်းခံရသည်ကို နှစ်လခွဲအထိ ဆွဲဆန့်ခဲ့သည်။
နောင်ချိုဒေသတွင် တပ်မတော်၏ ထိုးစစ်ဆင်လာမှုကြောင့် ၂၀၂၅ခုနှစ် မေလမှ ဇူလိုင်လ (၁၅)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားမှု (၃၁၉)ကြိမ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၀၆)ကြိမ်၊ ဒရုန်းဖြင့်တိုက်ခိုက်မှု (၁၆၂)ကြိမ် ၊လက်နက်ကြီးဖြင့်ပစ်ခတ်မှု (၄၆၉၂)ကြိမ် ထိုးစစ်ဆင်ခဲ့သည်ဟုပြောပြီး တပ်မတော်က လုပ်ဆောင်ခြင်းမရှိသည့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှုကိုလည်း (၁၈၆) ကြိမ် ပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။
ထိုသို့ တပ်မတော်၏ ပြင်းထန်သည့်ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေရပြီး နောင်ချိုမြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ခက်ခဲလာသည့်အတွက် ဇူလိုင်လ (၁၅)ရက်နေ့တွင် PSLF/TNLA အနေဖြင့် နောင်ချိုမြို့ပေါ်ရှိ အရပ်ဘက်ဆိုင်ရာစီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို အခြားလုံခြုံသည့်နေရာသို့ပြောင်းရွေ့ကာ လူထုဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ပါရန်ပြုလုပ်ထားရသည်ဟုလည်း နောင်ချိုမှ TNLA, ဓနု DPLA နှင့် MDY PDF များ ထွက်ပြေးခဲ့ရမှုကိုလည်း ဝန်ခံထားသည်။
ထို့တိုက်ပွဲများကြောင့် TNLA နယ်မြေလုယက်သိမ်းယူထားသည့် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့မှ လူ (၂၃)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ (၈၈)ဦး၊ TNLA တပ်စွဲထားသည့် ဘာသာရေးအဆောက်အအုံ (၈)ကျောင်း၊ စာသင်ကျောင်း(၈)ကျောင်းနှင့် နေအိမ် (၂၂၀) လုံး ထိခိုက်ပျက်စီးသွားခဲ့ကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟုလည်း ပြောသည်။






