◾ ဝမ်းတွင်းမြို့အနီးကို ဗဟိုပြုပြီးလည်း အင်အား ၄ ဒသမ ၂ အဆင့်ရှိ ဇောက်တိမ်ငလျင်လှုပ်ခတ်သဖြင့် တစ်မနက်တည်း ပြင်းအားများ ငလျင်နှစ်ခုကို တွေ့ကြုံခံစားလိုက်ရ
၁၆. ၇. ၂၀၂၅
Written by Thettant
မန္တလေးငလျင်ကြီး၏နောက်ဆက်တွဲ ၂၀၅ ကြိမ်မြောက်အဖြစ် ရစ်ချ်တာစကေး ၄ ဒသမ ၉ ရှိ ပြင်းအားများငလျင် ပြည်ကြီးတံခွန်အနီးကို ဗဟိုပြု၍ ယနေ့နံနက်ပိုင်း ၃ နာရီ ၂၇ မိနစ် ၃၉ စက္ကန့်င လှုပ်ခတ်ခဲ့သဖြင့် ပြည်သူများ ထိတ်လန့်ခဲ့ရပြန်သည်။
ငလျင်သည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့တောင်ဘက် လေးမိုင်ခန့်ကို ဗဟိုပြုကာ ပြင်းအားများသည့် ၄ ဒသမ ၉ အဆင့်အပြင် မြေအောက်အနက်မှာလည်း ဇောက်တိမ်သည့် ၆ မိုင်ကျော် (၁၀ ကီလိုမီတာ) က လှုပ်ခတ်သဖြင့် ပြည်သူများ ငလျင်၏ဒဏ်ကို ပို၍ ပြင်းထန်စွာ ခံစားခဲ့ရသည်။
“မတ်လ ၂၈ ရက်နောက်ပိုင်း မန္တလေးကို ဗဟိုပြုတဲ့အထဲ ဒီငလျင်က အပြင်းဆုံးအကြမ်းဆုံးထင်တယ်။ အသံကြီးလည်းပါပြီး ဆွဲယမ်းခါပစ်သလိုပဲ။ လူတွေအကုန်လုံးလည်း လမ်းပေါ်ပြေးဆင်း၊ အရုဏ်တက်ချိန်နားဆိုတော့ ဘယ်သူမှလည်း ပြန်မအိပ်ရဲနဲ့ မိုးလင်းသွားတာ”ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
မန္တလေးငလျင်လှုပ်ပြီး လေးလပြည့်ရန် ၁၁ ရက်အလိုတွင် လှုပ်ခတ်သည့် ယနေ့ငလျင်သည် မန္တလေးမြို့ကို ဗဟိုပြုသောငလျင်များအနက် ဇောက်အတိမ်ဆုံးနှင့် ပြင်းအားအများဆုံးငလျင်လည်း ဖြစ်သည်။
ထို့အပြင် ယနေ့နံနက်ပိုင်း ၇ နာရီ ၅၂ မိနစ် ၅၁ စက္ကန့် အချိန်ကလည်း ဝမ်းတွင်းမြို့၏ တောင် အရှေ့တောင်ဘက် ၇ မိုင်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၂ အဆင့်ဖြင့် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြန်သဖြင့် တစ်မနက်တည်း ပြင်းအားများ ဇောက်တိမ်ငလျင်နှစ်ခုကို ပြည်သူများ ခံစားခဲ့ရသည်။
