ဖြိုးဝေ
၁၅. ၇. ၂၀၂၅
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် နံနက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာအတွင်းက ဒေသခံပြည်သူတွေ တောင်ယာလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် မော်တော်ယာဉ်နဲ့သွားရောက်ချိန် ကျေးရွာရဲ့ အရှေ့မြောက်ဘက်မီတာ ၁၃၀၀ ခန့်အကွာအရောက်မှာ PDF တွေက ပြည်သူ့စစ်တွေလို့ စွပ်စွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။ ကြွယ်ပုံရွာဟာ ပြည်သူ့စစ်ရွာလို့ PDF တွေက သတ်မှတ်ထားလို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီကလည်း ကြွယ်ပုံရွာကို PDF တွေကပဲ ဒရုန်းဗုံးချရာမှာ ကလေးငါးယောက်အပါအဝင် ၈ ယောက်သေပြီး ၃၁ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။ အဲဒီလို တိုက်ခိုက်မှုတွေအပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်မှာတော့ ကြွယ်ပုံရွာက ပြည်သူတွေ အရိုးတွန်မှုအဖြစ် လင်းတလူးရွာက ဘုန်းကြီးကျောင်းမှာ လူသူစုဆောင်း စခန်းချနေတဲ့ PDF တွေ လေကြောင်းတိုက်ခိုက်ခံရပြီး PDF တွေ ဝဋ်လည်မှုအဖြစ် ၂၀ ကျော်၊ ၃၀ နီးပါး သေသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးသူတွေက PDF တွေမဟုတ်ဘဲ စစ်ရှောင်တွေလို့ပြောပေမဲ့ သေတဲ့အထဲမှာ ဘုန်းကြီးတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေမပါဘဲ သေတာအကုန်လုံးက ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေချည်းဆိုတာ မြင်ခဲ့ရသလို ပြည်ပအလုပ်ထွက်လုပ်တာ၊ PDF စုဆောင်းခံရတာ၊ စစ်မှုထမ်းရတာ၊ စစ်ဘေးရှောင်ကြတာတွေကြောင့် ရွာတွေမှာ လူငယ်ဆို မရှိသလောက်ဖြစ်နေချိန်မှာ ဒီလူငယ် ၃၀ လောက်က စစ်ရှောင်မဟုတ်သလို PDF တွေပါလို့ ဒေသခံ လုံခြုံရေးအဖွဲ့တချို့က ပြောခဲ့တာ တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းလက်နက်ကိုင် CNDF က ပြည်သူ့အိမ်အားလုံးကို ဖောက်ထွင်းခိုးယူမှု ကျူးလွန်ခဲ့ကြောင်းနဲ့ ဒီလိုကျူးလွန်ရာမှာ CNDF ခေါင်းဆောင်ပိုင်း အကြီးအကဲတွေကပါ ပြည်သူတွေနေအိမ်ကို ဖောက်ထွင်းခိုးယူမှု ကျူးလွန်ခဲ့ကြတယ်လို့ CNDF တပ်မှူးဟောင်းက ဝန်ခံ တောင်းပန်လာတာ၊ တပ်မတော်ရဲ့နယ်မြေရှင်းလင်းမှုအတွင်း ပုဂံညောင်ဦးကို စစ်ဆင်ရေးလုပ်ဆောင်မယ်လို့ ကြုံးဝါးထားတဲ့ ညောင်ဦးပကဖအဖွဲ့က PDF ငါးဦးအပါအဝင် PDF ၁၁ ဦး သေဆုံးတယ်လို့ ညောင်ဦးပကဖ ဝန်ခံလာတာ၊ KNU/KNLA နဲ့ PDF တွေရဲ့ ထိုးစစ်ကြောင့် ဥကရစ်ထစခန်း လက်လွှတ်လိုက်ရပြီး တပ်မတော်သား ၁၀၀ ခန့်နဲ့ ပြည်သူ ၅၀၀ နီးပါး ထိုင်းနိုင်ငံဘက် ယာယီတိမ်းရှောင်သွားရတာ၊ ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် နှစ်ဆင့်ထပ်ကျပြီး အာရှပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းမှုအကင်းမဲ့ဆုံးနိုင်ငံဆက်ဖြစ်နေတယ်ဆိုတာတွေအပြင် ဒီနှစ်ခြောက်လအတွင်း PDF ၅၄၄ ဦး သေဆုံးခဲ့တာမို့ တစ်နေ့ပျမ်းမျှ သုံးဦးအထက် သေဆုံးနေတယ်လို့ Spring Revolution Database က ထုတ်ပြန်လာတဲ့ဖြစ်စဉ်တွေရှိပေမယ့် ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ် PDF တွေရဲ့ မူးယစ်ဆေးဖြန့်မှုတွေအကြောင်း၊ မိုးဗြဲမြို့အပြီးမှာ နောင်ချိုမြို့ကိုပါ ပြန်ရလာတယ်ဆိုတဲ့အကြောင်းနဲ့ ဒရုန်းတွေဟာ ခေတ်သစ်စစ်ပွဲအဆုံးအဖြတ်ဖြစ်လာပြီး PDF တွေဘက်က အရေးနိမ့်လာတယ်လို့ ဆိုလာတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ မူးယစ်ဆေးဖြန့် PDF
NUG ရဲ့ PDF တွေ ပသုံးလုံးတွေဟာ မူးယစ်ဆေးတွေ ရောင်းချဖြန့်ဖြူး သုံးစွဲနေတယ်ဆိုတာ တပ်မတော်ဘက်က သတင်းထုတ်ပြန်စဥ်မှာ လူတချို့က လက်မခံခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ လူထုအားလုံး ယုံကြည်ခဲ့ပြီလို့ ပြောရမယ့် PDF တွေရဲ့ ဘီလျံချီ မူးယစ်ဆေးဖြန့်ချိမှုတစ်ခုကို ဖမ်းမိထုတ်ပြလိုက်ပြီဖြစ်ပါတယ်။
ဒီတစ်ခါထုတ်ပြတဲ့အဖွဲ့က တပ်မတော်မဟုတ်ဘဲ PDF တွေလိုပဲ လက်နက်ကိုင်နေတဲ့ ချင်းတိုင်းရင်းသားလက်နက်ကိုင် CDF-Hakha တပ်ဖွဲ့ဖြစ်ပြီး သူတို့က ဇူလိုင်လ ၈ ရက်မှာ ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ ဖလမ်းမြိုနယ်၊ ဗားရ်တံတားဆီ Hilux 9K – 1693 ၊ Forland 1J – 6011 ကားနှစ်စီးနဲ့ သယ်ယူလာတဲ့ စိတ်ကြွဆေးပြား ၃ သန်းခန့်အပြင် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်ကို မူးယစ်ဆေးဝါးသယ်ယူလာတဲ့ PDF သုံးဦး၊ ယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး၊ မောင်းပြန် သေနတ် ၂ လက်၊ Mini Starlink နှစ်ခုတို့နဲ့ ဖမ်းမိခဲ့ပြီး မူးယစ်ဆေးသယ်သူ PDF တပ်ခွဲမှူးတွေဖြစ်တဲ့ မောင်ဇော်လတ် (ခ)ဝင်းမော်နဲ့ ပုတီး(ခ) ကျော်မင်းဇော်တို့က ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သက်သေတွေ၊ PDF တွေရဲ့ ထွက်ဆိုချက်တွေနဲ့ ထုတ်ပြန်လာတာပါ။
ဖမ်းမိသူတွေထဲက ကားဆရာ ကျော်ဟိန်းက မူးယစ်ဆေးတွေကို အိတ်ကြီး ၆၅ အိတ်နဲ့ထည့်လာတယ်လို့ ပြောသလို “ကိုစိုးသူကားကို မောင်းတာပါ။ ကားနံပါတ် 1G/6011 ပါ။ ဆားလင်းကြီးမြို့နယ်ထဲက။ ငွေစာရွာနားထဲဗျ။ သူတို့ အဆောက်အဦလေးတွေရှိတယ်။ အဲဒီနားမှာ။ သူတို့ လူနေတဲ့အဆောက်အဦနဲ့ ပစ္စည်းတွေထားတဲ့အဆောက်အဦ အဲဒီနားမှာရှိတယ်။ အဲဒီနားက သယ်တာ။ သူတို့ အဖွဲ့အစည်းဟာလို့ပြောတယ်။လက်နက်ကိုင်တပ်ဖွဲ့တွေနေတာ။ ကျွန်တော်တို့ကို ပြောပြထားတာက ယင်းမာပင်တပ်ရင်း(၁၅)လို့ ပြောပြထားတယ်ဗျ”လို့ ထွက်ဆိုပါတယ်။
ဒါ့အပြင် မူးယစ်ဆေးနဲ့ ဖမ်းမိ PDF ဖြစ်တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)က ဇော်နောင်က ဒီမူးယစ်ဆေးတွေကို တပ်ခွဲမှူး ကိုပုတီးနေထိုင်ရာနေရာက သယ်လာတာဖြစ်ပြီး ဒီမူးယစ်ဆေးတွေသယ်တာက လေးခေါက်မြောက် ဖြစ်တယ်ဆိုတာနဲ့ လက်ရှိမှာ ယင်းမာပင်ခရိုင်တပ်ရင်း (၁၄) နဲ့ တပ်ရင်း (၁၅) ပေါင်းထားပြီး တပ်ရင်း (၁၄) ရဲ့ တပ်ရင်းမှူးက ကိုဖိုးဇေ၊ တပ်ရင်း (၁၅) ရဲ့ တပ်ရင်းမှူးက ကိုဖိုးသောင်းလို့ ထွက်ဆိုပါတယ်။
ဒါ့အပြင် ဖမ်းမိခဲ့တဲ့ PDF အာကာဖြိုးကလည်း သူဟာ ပခုက္ကူခရိုင်တပ်ရင်း (၁၀) က ဖြစ်ပြီးတပ်ရင်းမှာ မနေတာ ကြာပြီဆိုတာနဲ့ သူဟာ NUG ရဲ့ ပညာရေးကျောင်းဖြစ်တဲ့ YSO CBE 29 ရဲ့ ကျောင်းအုပ်လို့ ထွက်ဆိုပါတယ်။ ဖမ်းမိသူ ခင်ဇော်ဟိန်းဆိုသူကလည်း သူဟာ ရွှေကြက်သွန်ရွာမှာ နေထိုင်တဲ့ NUG လက်အောက်ခံ ပကဖအဖွဲ့ဝင်ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။
ဖမ်းမိတဲ့ PDF တွေကိုယ်တိုင်က ဒီလို လူညွန့်တုံးစေမယ့် မူးယစ်ဆေးတွေကို သူတို့သယ်လာတာဖြစ်ကြောင်း ရုပ်သံမှာဝန်ခံ၊ အင်မတန်များပြားလှတဲ့ မူးယစ်ဆေးတွေကို CDF-Hakha က မီးရှို့ပြလိုက်ချိန်မှာတော့ လူထုတစ်ရပ်လုံးဟာ NUG နဲ့ PDF တွေ တော်လှန်ရေးအကြောင်းပြပြီး လက်နက်ကိုင် မူးယစ်ဆေးဖြန့်ကြတဲ့ မူးယစ်ရာဇာဖြစ်နေပြီဆိုတာ သဘောပေါက်သွားချိန်မှာတော့ ယင်းမာပင်ခရိုင်တပ်ရင်း (၁၄) နဲ့ တပ်ရင်း (၁၅) ပေါင်းထားတဲ့ Salingyi Special Task Force က ဝန်ခံစာထုတ်လာခဲ့ပေမယ့် ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ သွားကြတာက ဖောက်ခွဲရေးပစ္စည်းတွေ သွားပို့တာလို့ ဆိုလာခဲ့ပါတယ်။
ဒါဟာ ပလီပလာ ဗလောင်းဗလဲနိုင်မှုသက်သေအဖြစ်ကတော့ PDF တွေဟာ ယင်းမာပင်ခရိုင် တပ်ရင်း (၁၄/၁၅) ထဲက မူးယစ်ဆေးတွေကို ပီနံအိတ်နဲ့ တစ်အိတ်လောက် သယ်လာတာမဟုတ်ဘဲ အထုပ်ကြီး ၆၅ ထုပ်နဲ့ ကားနှစ်စီးတိုက် သယ်ချလာတာပါ။ ဒီလိုအထုပ်ကြီး ၆၅ ထုပ်ကို တပ်ရင်းထဲသိုလှောင်၊ ကားကြီးနှစ်စီးနဲ့တိုက်ချသွားတာကို သူတို့မသိပါဘူးလို့ ထုတ်ပြန်တာက အင်မတန်မှ အရှက်မဲ့လှပါတယ်။ ဒီလိုအရှက်မဲ့တာကို ဝေဖန်တဲ့အခါ မူးယစ်ဆေးသယ်တာဝန်ခံ PDF နှစ်ဦးထဲက ထောက်ခံစာယူမူးယစ်ဆေးသယ်တဲ့ ဝင်းမော်က ထွက်ပြေးပြီး ဒုတိယတာဝန်ရှိတဲ့ ပုတီးက လာအဖမ်းခံတယ်လို့ သရုပ်ပြပြီး ပုတီးကလည်း တော်လှန်ရေးလုပ်လို့ အကြွေးတင်သွားတယ်လို့ ဇာတ်ထပ်နာပြပြန်ပါတယ်။ ဒါပေမဲ့ CDF – Hakha ကို ဖမ်းမိ PDF ဇော်နောင် ထွက်ဆိုခဲ့တာက မူးယစ်ဆေး ဖြန့်တာ လေးခေါက်မြောက်ဖြစ်ပြီး ပုတီးဝန်ခံတာက နှစ်ခေါက်တည်းပါ။ ဒီတော့ ဒီနှစ်ခေါက်ဟာ ဘယ်သူ့လက်ချက်လဲ။ ဒီလိုလေးခေါက်လောက် မူးယစ်ဆေးအကြီးအကျယ်သယ်နေတာကို ယင်းမာပင်ခရိုင်တပ်ရင်း (၁၄) နဲ့ တပ်ရင်း (၁၅) ပေါင်းထားတဲ့ Salingyi Special Task Force က တပ်ရင်းမှူး ဖိုးဇေနဲ့ ဖိုးသောင်း လုံးဝမသိဘူးဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ ကောက်ချက်။ ပုတီးတစ်ယောက်တည်း အလွတ်ကျက်ထားတဲ့စာသားတွေနဲ့ ဇာတ်နာသွားတဲ့ပုံစံကောက်ချက်။ CDF-Hakha နဲ့ ပတ်သက်ပြီး ထပ်အသံထွက်မလာအောင် ညှိနေတယ်ဆိုတာတွေ၊ NUG က အသံထွက်မလာဘဲ ငြိမ်နေတယ်ဆိုတဲ့ဖြစ်စဥ်တွေ တွက်ဆမယ်ဆိုရင် NUG နဲ့ PDF တွေဟာလည်း လက်နက်ကိုင်ပြီး ကြာရှည်စစ်တိုက်နိုင်အောင် AA ၊ TNLA နဲ့ တခြား EAO တွေ စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလို မူးယစ်ရာဇာအဆင့်ကို အချိန်တိုနဲ့ တက်လှမ်းနေကြပြီလား၊ ဒီလို မူးယစ်ရာဇာလုပ်ကိုယ်ကျိုးရှာနေတာကိုပဲ တော်လှန်ရေးအမည်တပ် လူထုကို လိမ်ညာအလှူခံနေတာ ဆက်လက်ခံနေကြမှာလားလို့ မေးခွန်းထုတ်ရတော့မယ့် အဆင့်ဖြစ်လာနေပြီလို့ပဲ ကနဦးသုံးသပ်ရတော့မှာပါ။
◾ ပြန်ရလာတဲ့ နောင်ချို
မိုးဗြဲမြို့ကို ဇူလိုင် ၆ ရက်နေ့မှာ အပြီးသတ်သိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်အပြီး ဇူလိုင် ၁၁ ရက်မှာ ကျန်ရှိနေတဲ့ KNPP, KNDF, FBR နဲ့ PDF တွေကို တိုက်ထုတ်ပြီး လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း လမ်းမကြီးကိုပါ ဆက်လက်ဖွင့်လှစ်နိုင်ခဲ့သေးတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး နောင်ချိုမြို့ကို ထိုးစစ်ဆင် ပြန်လည်သိမ်းပိုက်ဖို့လုပ်ဆောင်နေတဲ့ တပ်မတော်ဟာ နောင်ချိုမြို့ပတ်ပတ်လည်က TNLA , DPLAနဲ့ MDY PDF တို့ရဲ့ ကာကင်းအားလုံးကို ဇူလိုင် ၁၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ကျော်ဖြတ်နိုင်ခဲ့သလိုအဲဒီနေ့မှာပဲ နောင်ချိုမြို့တွင်း ခြေချလိုက်နိုင်ခဲ့ပါတယ်။
အဲဒီလို နောင်ချိုမြို့ကို စပြီး အောင်မြေနင်းတဲ့နေ့မှာပဲ တောင်ရပ်ကွက်ကို ရှင်းလင်းသိမ်းယူလိုက်သလို တပ်ပျက်၊ အဝတ်ချွတ်ပြေးကြတဲ့ TNLA, ဓနု DPLA နဲ့ MDY PDF တွေကို စိမ်ပြေနပြေ ချေမှုန်းရှင်းလင်းရာမှာတော့ ဒီနေ့ ဇူလိုင် ၁၅ ရက်မှာ တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
မိုးဗြဲကို တပ်မတော်က ထိုးစစ်ဆင်သိမ်းယူချိန်မှာ ကယားလက်နက်ကိုင်ပူးပေါင်းတပ်တွေဟာ လုံးဝမခံနိုင်တော့တဲ့အဆုံးမှာ ဖားဆောင်းကို သွားတိုက်ကြပြီး တစ်ခုလက်လွှတ်ရရင် တစ်ခုရအောင်ယူမယ်ဆိုတဲ့ပုံစံမျိုး တိုက်ခဲ့တာကြောင့် ဇွန်လ ၃၀ ရက်မှာ ခလရ (၁၃၄) အထိနာ အရေးနိမ့်သွားခဲ့ပါတယ်။ နောင်ချိုမှာတော့ ဒီလိုမမြင်ရဘဲ ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ မိုင်းငေါ့ စတာတွေကို တစ်ဆင့်ချင်းထောက်ထားလို့ TNLA ဟာ စစ်မျက်နှာ ဆိုင်မဖွင့်ရဲဘဲ ရှိတဲ့အင်အား၊ လက်ကျန်မဟာမိတ်နဲ့ ဆိုင်ရင်းက သိမ်းဖို့ထက် ထိန်းဖို့ခက်တယ်ဆိုတာကို အသက်တွေရင်းပြီး သိသွားခဲ့တဲ့ပုံစံပါ။ ဒီလိုသိပေမဲ့လည်း ဖျက်ဆီးဖို့ပဲတတ်တဲ့ TNLA တွေဟာ ဂုတ်တွင်းတံတားကို ဖျက်ဆီးသွားခဲ့ပြီးမှ အကုန်ထွက်ပြေးတာမို့ ဒေသခံတွေအဖို့ သွားလာရေးက ခက်ဦးမယ့်အခြေအနေပါ။
နောင်ချိုဟာ ရပ်စောက်၊ ကျောက်မဲ၊ ပြင်ဦးလွင်တို့နဲ့ ထိစပ်နေသလို လားရှိုးမြို့ကိုပေါက်တဲ့ ပြည်ထောင်စုလမ်းမကြီးနဲ့လည်း ချိတ်ဆက်နေလို့ မဟာဗျူဟာအရ အရေးပါတဲ့အပြင် ညှိနှိုင်းမှုကို လက်မခံတဲ့ TNLA , DPLA နဲ့ MDY PDF ရဲ့ စစ်ဦးကိုချိုးနှိမ်နိုင်ဖို့အတွက်လည်း အရေးကြီးတဲ့ စစ်နယ်မြေဖြစ်လို့ နောင်ချိုကို ထိန်းလိုက်နိုင်တာဟာ တပ်မတော်အဖို့ ကျဆင်းနေတဲ့သိက္ခာအချို့ ပြန်ဆယ်နိုင်တဲ့သဘောပါပဲ။ တစ်ဖက်မှာလည်း နောင်ချိုကို လက်လွှတ်လိုက်ရတဲ့ TNLA ဟာ လားရှိုးမှာဖွင့်ထားတဲ့ တရုတ်ဆက်ဆံရေးရုံးကို အပစ်ရပ်ခိုင်းပေးဖို့ အသနားခံစာတင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ MNDAA ဟာ တပ်မတော်ဘက်က တကယ်ထိုးစစ်ဆင်ရင် လားရှိုးအထိုင်နေရာကနေ မြို့ကို အုပ်ချုပ်မရတဲ့အပြင် အမှည့်ခြွေ ခြွေခံနေရမှာ သဘောပေါက်လို့ အင်အားအပွန်းမခံဘဲ ညှိနှိုင်းမှုလမ်းကြောင်းကနေ လားရှိုးက ဆုတ်သွားခဲ့တာပါ။ TNLA ကတော့ ဒီလို တွေးဆတတ်မှုအားနည်းလို့ TNLA,DPLA,MDY PDF တွေ အသက်စတေးရပြီး နောင်ချိုကနေ ရုပ်ပျက်ဆင်းပျက် ထွက်ပြေးခဲ့ရသလို ညှိနှိုင်းဆွေးနွေးပွဲမှာ တင်းမာခဲ့သမျှ အရှက်ကွဲရတဲ့အခြေအနေပါ။ သို့ပေမဲ့လည်း ဒီအခြေအနေမှာတောင် TNLA ဟာ လေသံမာနေဆဲဖြစ်ပြီး နောင်ချိုက မဆုတ်ပါဘူးတို့၊ ဂုတ်တွင်းတံတားကို မချိုးပါဘူးတို့ ဆက်ပြောနေဆဲဖြစ်လို့ မိုးကုတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့ စတဲ့နေရာတွေကို တိုက်လက်စအတိုင်း ဆက်တိုက်ရမယ့် အခြေအနေဖြစ်ပြီး ဆုတ်ပေးပါ့မယ် ညှိနှိုင်းပါရစေဆိုတဲ့ အောက်ကျို့ လေသံမဖြစ်မချင်း ထိုးစစ်ဆင်မှု ဆက်လက်လုပ်ဆောင်ရဦးမယ့်သဘောပါ။
◾ ခေတ်သစ်စစ်ပွဲအဆုံးအဖြတ် ဒရုန်း
“တပ်မတော်က ဒရုန်းအသုံးပြုမှုမှာ လျင်မြန်စွာပဲ ကွာဟချက်ကို ပိတ်လိုက်နိုင်ပါပြီ” လို့ အမေရိကန် သုတေသနအဖွဲ့ Armed Conflict Location & Event Data (ACLED) ရဲ့ “The war from the sky: How drone warfare is shaping the conflict in Myanmar” အစီရင်ခံစာသစ်မှာ အတိအလင်းဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လုံးလုံး အသာမရခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တွေဟာ နွေဦးတော်လှန်ရေးဖြစ်ရပ်လို့ အမည်တပ်မှုအစ မဲမသမာမှုကြောင့် အာဏာထိန်းသိမ်းမှုဖြစ်ရပ်ကို လက်မခံဘဲ လက်နက်ကိုင်ဖို့ တောထဲရောက်လာတဲ့ လူငယ်တွေရဲ့ ဒရုန်းတီထွင်မှုတွေ၊ ပထဝီနိုင်ငံရေးအရ စွက်ဖက်ချင်တဲ့ နိုင်ငံကြီးတွေရဲ့ ထောက်ပံ့မှုတွေကြောင့် ၁၀၂၇ စစ်ဆင်ရေးကစလို့ မကြုံစဖူး မြို့သိမ်းနိုင်မှုတွေရှိလာခဲ့ပါတယ်။ ဒီစစ်ပွဲတွေမှာ EAO တွေဟာ သူတို့တစ်သက်လုံး အနားကပ်မရခဲ့တဲ့ တပ်စခန်းတွေကို လေးမိုင်ငါးမိုင်အဝေးကနေ တစ်ချိန်လုံး ဒရုန်းဗုံးတွေ မိုးရွာသလိုကြဲချနေခဲ့ပြီး တပ်စခန်းတွေ ပန်းလာချိန်မှာ အလွယ်တကူ သိမ်းလိုက်နိုင်တာတွေဟာ အခုတော့ ပြောင်းပြန်ဖြစ်လာပြီး တပ်မတော်ဘက်က ၂၀၂၄ ဒုတိယနှစ်ဝက်အကုန်ပိုင်းမှာ ဒရုန်းတပ်ဖွဲ့စည်းကာ လျင်လျင်မြန်မြန်တုံ့ပြန်ရာမှာ အမေရိကန်ရဲ့ ACLED အဖွဲ့ကကို တပ်မတော်က သူပုန်တွေထက် အားနည်းခဲ့တဲ့ ဒရုန်းကွာဟချက်ကို ပိတ်ပင်လိုက်နိုင်ပြီပြောခဲ့တာပါ။
အချိန်တိုအတွင်း တပ်မတော်က ဒရုန်းမှာ ကွာဟချက်ကို ပိတ်လိုက်ရုံတင်မက တိုးတက်မှုမှာ ဘယ်လောက်အထိသာရခဲ့လဲဆိုရင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ သူပုန်တွေဘက်က ဒရုန်းတိုက်ခိုက်မှု ၁၃၀ ကျော် (တိုက်ခိုက်တစ်ခုစီမှာ တူညီတဲ့ပစ်မှတ်ပေါ် တိုက်ခိုက်မှု တစ်ကြိမ်ထက်ပို၍ ပါဝင်နိုင်) လုပ်နေချိန်မှာ တပ်မတော်က ဒရုန်းနဲ့ ပြန် တိုက်ခိုက်နိုင်မှုက ၅ ကြိမ်၊ ၆ ကြိမ်သာ ရှိခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကစ ပထမဆုံးအကြိမ်အဖြစ် ဒရုန်းတိုက်ခိုက်မှု အရေအတွက် ပြောင်းပြန်ဖြစ်သွားခဲ့ပြီး တပ်မတော်ရဲ့ ဒရုန်းတိုက်ခိုက်မှုက ၅၀ နီးပါးနဲ့ သူပုန်လက်နက်ကိုင်တို့ရဲ့ တိုက်ခိုက်မှုက ၄၀ အောက်သာ ရှိခဲ့တယ်လို့ ACLED က အစီရင်ခံခဲ့တာပါ။
ဒီနေရာမှာ သူပုန်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုက ဘာလို့ဒီလောက်ကျသွားလဲဆိုရင် ပထမဆုံးပြောရမှာက ဒရုန်းနည်းပညာအဓိကဖြန့်တဲ့ Federal Wings လို အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ NUG ရဲ့ MOCIT က ဒရုန်းပရောဂျက်တွေအတွက် အလှူခံထားတဲ့ပိုက်ဆံတွေကို Federal Wings ဆီမပေးဘဲ ကိုယ်ကျိုးခိုးဝှက်သုံးခဲ့တာကြောင့် MOCIT နဲ့ Federal Wings အကွဲအပြဲဖြစ်သွားလို့ ဒရုန်းကဏ္ဍ စ အရှိန်ကျတာမို့ NUG နဲ့ MOCIT တို့ရဲ့ ခိုးဖွက်မသမာမှုကို စပြီး ကျေးဇူးတင်ရမှာပါ။
အဲဒီနောက်မှာတော့ တပ်မတော်ရဲ့ ဒရုန်းတပ်ဖွဲ့ပြီး စနစ်တကျလေ့လာပြင်ဆင်နိုင်မှု၊ လိုအပ်တဲ့ ဒရုန်းတွေ လိုအပ်သလိုဖြည့်ဆည်းပေးနိုင်မှု၊ တရုတ်နိုင်ငံဘက်က ဒရုန်းနဲ့ ဒရုန်းအစိတ်အပိုင်းတွေ သူပုန်တွေဘက်ထွက်နေတာ ကြပ်မတ်လိုက်မှု၊ ဒရုန်းဖျက် ဂျမ်မာတွေ အဆင့်မြှင့်တင်လာနိုင်မှုတွေက အဓိကကျခဲ့တာလို့ပြောရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ACLED အဆိုအရ PDF နဲ့ သူပုန်တွေဟာ တရုတ်ကနေ ဒရုန်းနဲ့ အစိတ်အပိုင်းတွေ ဆက်ရဖို့ကြိုးပမ်းနိုင်ဆဲဆိုတာကြောင့်မို့ ပိုတင်းကျပ်ရေး စဥ်ဆက်မပြတ်တောင်းဆိုဖို့တော့ လိုအပ်နေဦးမယ်ထင်ပါတယ်။
ဒီနေ့ခေတ်ဟာ IT နည်းပညာခေတ်ဖြစ်လာသလို စစ်ပွဲတွေမှာလည်း လူနဲ့လူချင်းတိုက်တာထက် ဒရုန်းတွေ၊ လေယာဥ်တွေ၊ တာဝေးပစ်ဒုံးတွေနဲ့ တိုက်ခိုက်တာက စစ်သားစွမ်းအားအရင်းအမြစ်မထိခိုက်ဘဲ ပိုထိရောက်တယ်ဆိုတာကို အစ္စရေးနဲ့ အီရန် – ဂါဇာစစ်ပွဲ၊ အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲ၊ အမေရိကန်က အီရန်ကို တိုက်ခိုက်မှု၊ ယူကရိန်းနဲ့ ရုရှားစစ်ပွဲတွေက သက်သေပြနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒရုန်းနဲ့ စစ်တိုက်ကြတာက ပိုအသုံးချနိုင်တဲ့ဘက်က ပိုအနိုင်ရတယ်ဆိုတာ ၂၀၂၂ အစပိုင်းကနေ အခုကာလအထိ စစ်ပွဲတွေက သက်သေပြနေပြီဖြစ်လို့ တပ်မတော်ဟာ ဒီဒရုန်းကို တပ်ရင်း၊ တပ်မ၊ ရှေ့တန်းစစ်မျက်နှာ၊ တပ်ခွဲတိုင်းမှာ သုံးနိုင်သူရှိအောင် ပိုပြီးတော့ စနစ်တကျ ပြင်ဆင်ရတော့မှာပါ။ ဒရုန်းတွေဟာ မိုင်ဆယ်ရာချီကင်းထောက်ပြီး ရန်သူ့လှုပ်ရှားမှု စောင့်ကြည့် တိတိကျကျ ချေမှုန်းနိုင်တာမို့ ဒီလိုမျိုး ဒရုန်းသုံးနိုင်လေ မြေပြင်တပ်သားအသုံးချရမှုနဲ့ အထိအခိုက်နည်းလေဆိုတာကို မိုးဗြဲ၊ နောင်ချို မြို့သိမ်းပွဲတွေကလည်း သက်သေပြနေခဲ့ပြီဖြစ်ပါတယ်။ မနှစ်က ဧပြီ ၄ ရက်မှာ NUG နဲ့ PDF တွေက ဒရုန်း ၂၉ စီးနဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်ကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်အပြီးမှာ MT News က တပ်မတော်မှာလည်း ကိုယ်ပိုင်ဒရုန်းတပ်တွေရှိဖို့၊ ဒရုန်းတပ်အတွက် ဘတ်ဂျက်သုံးဖို့၊ တပ်မတော်ရဲ့လက်နက်စက်ရုံတွေက ဒရုန်းတွေ ပေါပေါများများထုတ်နိုင်ဖို့ အကြံပြုခဲ့သလို ဒီအကြံပြုမှုနောက်ပိုင်း တပ်မတော်ရဲ့ ဒရုန်းကဏ္ဍ တိုးတက်မှုတွေက အံ့မခန်းဖြစ်လာတာမို့ ဒီဒရုန်းကဏ္ဍ တိုးတက်မှုကိုသာ အခုထက်ပို အဆင့်မြှင့်လာနိုင်ရင် တိုက်တိုင်းနိုင်တဲ့ စွမ်းရည်နဲ့ ငြိမ်းချမ်းရေးလာဆွေးနွေးဖို့စကားကို အပေါ်စီးက ပြန်ခေါ်နိုင်မယ့်အချိန် မကြာခင်မှာ ပြန်ရလာမယ်ဆိုတာ နိမိတ်ဖတ်ကြည့်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။
