နေမိုး
၁၅. ၇. ၂၀၂၅
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး နောင်ချိုမြို့ကို ထိုးစစ်ဆင် ပြန်လည်သိမ်းပိုက်ဖို့လုပ်ဆောင်နေတဲ့ တပ်မတော်ဟာ နောင်ချိုမြို့ပတ်ပတ်လည်က TNLA , DPLAနဲ့ MDY PDF တို့ရဲ့ ကာကင်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ကျော်ဖြတ်နိုင်ခဲ့သလို တစ်လခွဲမပြည့်ခင် ဇူလိုင် ၁၃ ရက်မှာ နောင်ချိုမြို့တွင်း ခြေချလိုက်နိုင်ခဲ့ပြီး မြို့ပြန်လည်သိမ်းယူမယ့် နယ်မြေရှင်းလင်းသိမ်းပိုက်မှု စတင်လုပ်ဆောင်ခဲ့မှု နှစ်ရက်အကြာ ဒီနေ့ ဇူလိုင် ၁၅ ရက်မှာ တစ်မြို့လုံးက အရေးပါတဲ့နေရာတွေကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပါတယ်။





နောင်ချိုဟာ ရပ်စောက်၊ ကျောက်မဲ၊ ပြင်ဦးလွင်တို့နဲ့ ထိစပ်နေသလို လားရှိုးမြို့ကိုပေါက်တဲ့ ပြည်ထောင်စုလမ်းမကြီးနဲ့လည်း ချိတ်ဆက်နေလို့ မဟာဗျူဟာအရ အရေးပါတဲ့အပြင် ညှိနှိုင်းမှုကို လက်မခံတဲ့ TNLA , ဓနု DPLA နဲ့ MDY PDF ရဲ့ စစ်ဦးကိုချိုးနှိမ်နိုင်ဖို့အတွက်လည်း အရေးကြီးတဲ့ စစ်နယ်မြေဖြစ်လို့ တပ်မတော်က အထိအခိုက်နည်းစေဖို့ ဝေဟင်၊ မြေပြင်စစ်ဆင်ရေးတွေနဲ့ အင်အား ထောင်ဂဏန်းသုံးပြီး ပြန်လည် သိမ်းပိုက်ဖို့ စနစ်တကျ အားထုတ်ခဲ့တာဖြစ်လို့ တစ်လခွဲအတွင်း မြို့သိမ်းနိုင်ခဲ့ပြီး အရေးပါတဲ့နေရာအားလုံးကို ဒီနေ့အပြီး ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။





တပ်မတော်ရဲ့ ထိုးစစ်ကြောင့် TNLA , ဓနု DPLA နဲ့ MDY PDF တို့ဟာ ကာကင်းအဆင့်ဆင့်ကို လက်လွှတ်ခဲ့ရပြီးနောက်မှာ ကျောက်မဲနဲ့ မိုးကုတ်ဘက်ကို ကစဉ့်ကလျားဆုတ်ပြေးကြတာ၊ တပ်ပျက်ပြီးကျန်ခဲ့တဲ့ သူပုန်တချို့ကလည်း စစ်ဝတ်စုံချွတ်ပြေးတာရှိသလို ခိုကပ်နေတဲ့ အင်အားစုအနည်းငယ်ကလည်း ဒရုန်းနဲ့ ချေမှုန်းခံလိုက်ရတာကြောင့် ရက်အနည်းငယ်နဲ့ ထိန်းလိုက်နိုင်တာပါ။ တပ်မတော်ဟာ မိုးဗြဲကို မြို့ထဲခြေချပြီး တစ်မြို့လုံးထိန်းနိုင်ဖို့ ငါးရက်၊ ခြောက်ရက်လောက်အချိန်ယူခဲ့ရပေမဲ့ နောင်ချိုမှာတော့ အလုံးစုံရှင်းလင်းမှုတစ်ရက်ပဲ လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ဒီနေ့ဟာ မြို့ထိန်းချုပ်မှု လွယ်လွယ်ကူကူပြီးသွားခဲ့တာပါ။ ဒါပေမဲ့ TNLA , ဓနု DPLA နဲ့ MDY PDF တွေဟာ နောင်ချိုမြို့ကနေ မြေလှန်စနစ်သုံးပြီး ဖျက်ဆီးထွက်ပြေးကုန်တာဖြစ်ပြီး အိမ်တွေ၊ အဆောက်အဦတွေနဲ့ ဂုတ်တွင်းတံတားကို ဖျက်ဆီးပြီးမှ ထွက်ပြေးတာဖြစ်လို့ တစ်နှစ်ကျော်ကြာ စစ်ပြေးနေရတဲ့ နောင်ချိုမြို့ခံတွေအဖို့ မိမိနေအိမ် ပြန်နေလို့ရရင်တောင် လမ်းပန်းဆက်သွယ်မှု ခဲခက်ဦးမှာပါ။





သို့ပေမဲ့ နောင်ချိုမြို့ဟာ တောင်ကုန်းတောရိပ်ထူထပ်တဲ့နေရာတွေများပြားပြီး ထွက်ပြေးကုန်တာကလည်း TNLA အကြီးပိုင်းတွေဖြစ်လို့ ကစဉ့်ကလျားဖြစ်နေတဲ့ ငယ်သားလက်ကျန် TNLA , ဓနု DPLA နဲ့ MDY PDF တွေဟာ မြို့ပြင်က တောရိပ်၊ တောင်ရိပ် အခြေပြုပြီး အလစ်ချောင်းတိုက်ဖို့အခြေအနေတွေရှိနေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေတာကြောင့် မြို့စွန်နေရာတချို့နဲ့ မြို့ပြင်ပတ်လည် နယ်မြေရှင်းလင်းမှုတော့ ဆက်လက် လုပ်ဆောင်ရဦးမယ်လို့ ကြားသိရပါတယ်။
ပုံစာ။ ဂုတ်တွင်းတံတား TNLA ချိုးဖျက်ခဲ့မှုနှင့် နောင်ချိုမြို့ကို တပ်မတော်ဝင်ရောက်ထိန်းချုပ် ရှင်းလင်းမှုပုံရိပ်များ (Photo – Credit)
