၁၅. ၇. ၂၀၂၅
Translated by Thettant
ကိုရီးယားရဲ့ နာမည်ကျော်ဒရာမာဇာတ်လမ်းတွဲတွေဖြစ်တဲ့ “Heart Surgeons” နဲ့ “First Love Again” တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မြန်မာပရိသတ်တွေက မေတ္တာအားမာန်ဇာတ်လမ်းတွဲနဲ့ လူကြိုက်များတဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီး ကန်ဆိုဟာ(Kang Seo-ha)က အသက် ၃၁ နှစ်အရွယ်မှာတင် စတုတ္ထအဆင့် အစာအိမ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
ကန်ဆိုဟာက ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှာ ကွယ်လွန်ခဲ့တာလို့ ကိုရီးယားမီဒီယာ Sports Kyunghang က တစ်ရက်အကြာမှာ အတည်ပြုဖော်ပြခဲ့ပြီး သူမရဲ့ အောက်မေ့ဖွယ် ဈာပနအခမ်းအနားကို ကိုရီးယားကက်သလစ်တက္ကသိုလ်၊ ဆိုးလ် စိန့်မေရီဆေးရုံ ဈာပနခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့မှာ ကိုရီးယားကက်သလစ်တက္ကသိုလ်၊ ဆိုးလ် စိန့်မေရီဆေးရုံရဲ့ ဈာပနခန်းမမှာ သူမကို အောက်မေ့ဖွယ် ဈာပန အခမ်းအနားကျင်းပပြီးရင် ဂယောင်းနမ်ပြည်နယ်၊ ဟာမန်ရှိ သူမရဲ့ မိသားစုမြေကွက်မှာ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။
ကန်ဆိုဟာက ရောဂါဝေဒနာ ခံစားနေရပေမယ့်လည်း ဝေဒနာကို ကြံ့ကြံ့ခံတိုက်ပွဲဝင်နေခဲ့ရင်း ကွယ်လွန်ချိန်မတိုင်မီမှာ “Mangnaein” ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်နေခဲ့ပါသေးတယ်။
၁၉၉၄ ခုနှစ်မှာ မွေးဖွားတဲ့သူမက ကိုရီးယားရဲ့ ထိပ်တန်းပါရမီရှင်များစွာကို ပုံဖော်ပေးခဲ့တဲ့ ဂုဏ်သိက္ခာကြီးမားလှတဲ့ ကိုရီးယားအမျိုးသားအနုပညာတက္ကသိုလ်၊ ပြဇာတ်ကျောင်းက ဘွဲ့ရတစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ Brave Guys အဖွဲ့ရဲ့”Getting Farther Away” သီချင်းဗီဒီယိုမှာ ပါဝင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လူသိများ ထင်ရှားလာခဲ့သူပါ။
ဒါ့အပြင် ကန်ဆိုဟာရဲ့ လူသိများထင်ရှားတဲ့ အခြားဇာတ်ကားတွေထဲ “Through the Waves”, “The Flower in Prison”, “Schoolgirl Detectives”နဲ့ “Assembly”, “Nobody Knows” စသည်တို့ ပါဝင်ပြီး သူမ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားတဲ့ ရုပ်ရှင် “Mangnaein” ကို သူမကွယ်လွန်ပြီးနောက် ရုံတင်ပြသမှာဖြစ်ပေမဲ့ ရုံတင်မယ့်ရက်ကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
Ref ., The Star


