၁၅.၇.၂၀၂၅
Translated by Htwe Ko Tun
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မာနက်က နိုင်ငံအတွင်း အရပ်သားပြည်သူတွေပါ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၆ ခုနှစ်မှာ စတင်သွားမယ်လို့ ဇူလိုင်လ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဟွန်မာနက်က ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံနဲ့ တင်းမာမှုတွေမြင့်တက်လာခဲ့တာက ကာလကြာရှည်စွာ ငြိမ်နေခဲ့တဲ့ အရပ်သားပြည်သူတွေ စစ်မှုထမ်းဖို့ စာရင်းပေးကြရမယ့် ဥပဒေကို အသက်ဝင်စေခဲ့တာပဲလို့ ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယားလွှတ်တော်က အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း နိုင်ငံသားအားလုံးအနေနဲ့ ၁၈ လစစ်မှုထမ်းရမယ့် ဥပဒေကို ၂၀၀၆ ခုနှစ်ကတည်းက အတည်ပြုခဲ့တာပါ။ ဒါပေမယ့် ဒီစစ်မှုထမ်းအစီအစဉ်ကို စတင်အကျိုးသက်ရောက်ဆောင်ရွက်မှုတော့ မရှိခဲ့ပါဘူး။
ကမ္ဘောဒီးယားနိုင်ငံနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံတို့ဆက်ဆံရေးက မေလကစလို့ တင်းမာလာခဲ့တာပါ။ ကြာရှည်စွာဖြစ်ပွားနေခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်မှာ ပိုင်နက်အငြင်းပွားမှုကိစ္စက နှစ်ဖက်တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေပါဖြစ်စေခဲ့ပြီး ကမ္ဘောဒီးယားစစ်သားတစ်ယောက် ကျဆုံးခဲ့ပါတယ်။
ဟွန်မာနက်က “ဒီထိပ်တိုက်ရင်ဆိုင်ရမှုဖြစ်ရပ်က ကျွန်တော်တို့အတွက် သင်ခန်းစာတစ်ရပ်လည်းဖြစ်စေခဲ့ပြီး ကျွန်တော်တို့ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းဖို့နဲ့ အခြေအနေကို ပြန်လည်သုံးသပ်ဖို့ အခွင့်အလမ်းလည်းဖြစ်တယ်။ ဒီတော့ ၂၀၀၆ ခုနှစ် စစ်မှုထမ်းဥပဒေကို ကျွန်တော်တို့အနေနဲ့ အကောင်အထည်ဖော်သွားရလိမ့်မယ်”လို့ နိုင်ငံအလယ်ပိုင်း၊ ကမ်ပုံချနန်ပြည်နယ်အတွင်း Royal Gandarmerie စစ်ရဲတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းမှာ ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟွန်မာနက်က လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုက စစ်မှုထမ်းရန်ကာလကို ၁၈ လ အဖြစ် အကြမ်းဖျင်းသတ်မှတ်ခဲ့ရာက ၂၄ လကို တိုးမြှင့်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။ သူက ကမ္ဘောဒီးယားနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့လည်း ကတိပြုခဲ့ပါတယ်။ သူက ကမ္ဘောဒီးယားစစ်တပ်ကို တည်ဆောက်မယ်ဆိုတာက ဘယ်နိုင်ငံကိုမှ ကျူးကျော်ဖို့မဟုတ်ဘဲ အမိနိုင်ငံကို ကာကွယ်ဖို့သာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
Ref- CNA
