၁၄. ၇. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်သင့်ဒေသများရှိ စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံများအတွက် နိုင်ငံတော်ရန်ပုံငွေဖြင့် ချေးငွေထုတ်ချေးပေးနိုင်ရန်အတွက် “အင်အားပြင်းမန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကြီးကြပ်မှုဗဟိုကော်မတီ” ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၉/၂၀၂၅) ဖြင့် ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသ စသည့် နယ်မြေဒေသများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါဒေသများမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန်နှင့် နေအိမ်နှင့် လုပ်ငန်းသုံးစက်ရုံ၊ အလုပ်ရုံများ ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတော်မှ ထည့်ဝင်ပံ့ပိုးသော ရန်ပုံငွေဖြင့် ချေးငွေအစီအစဉ်များ ပံ့ပိုးပေးနိုင်ရန် “အင်အားပြင်းမန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကြီးကြပ်မှုဗဟိုကော်မတီ” ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
အဆိုပါကော်မတီအား ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်ကာ အဖွဲ့ဝင်များအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလတ်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများအပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ်နှင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး အတွင်းရေးမှူးအဖြစ် ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါကော်မတီအနေဖြင့် ရန်ပုံငွေအား ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများမှတစ်ဆင့် စိစစ်ထုတ်ချေးပေးနိုင်ရန် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊ ချေးငွေမူဝါဒနှင့်အညီ ထုတ်ချေးနိုင်မည့် စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ (SOP) ချမှတ်ခြင်း၊ စိစစ်တင်ပြလာသော ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား စိစစ်ရွေးချယ်ပေးခြင်း အပါအဝင် လုပ်ငန်းတာဝန် ၁၀ ရပ်အား တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အင်အားပြင်းမန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ၏ရုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အထောက်အကူပြု လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ကြောင်း ဖော်ပြထားသည်။
ငလျင်ဒဏ်သင့်ဒေသများရှိ အရင်းအနှီးလိုအပ်သူများအတွက် အတိုးနှုန်းအနည်းဆုံးဖြင့် ကျပ်ဘီလျံ ၇၀၀ အထိ ထုတ်ချေးပေးရန် လျာထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် မေလ ၃၀ ရက်က ပြုလုပ်သည့် “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားထားသည်။


