၁၄.၇.၂၀၂၅
Translated by Htwe Ko Tun
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ရောက်ရှိနေခဲ့တဲ့ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်ဟာ တီယန်ကျင်းမြို့မှာ ကျင်းပမယ့် တွေ့ဆုံဆွေးနွေးပွဲမတိုင်မီမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိနဲ့ ဇူလိုင်လ ၁၃ ရက်က ပေကျင်းမြို့မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးက တရုတ်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး နှစ်နိုင်ငံအနီးကပ်ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပထဝီ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဝန်ကြီးနှစ်ဦးစလုံးကလည်း နှစ်နိုင်ငံမိတ်ဖက်နိုင်ငံတွေအဖြစ်တည်ရှိမှု တိုးတက်လာတာနဲ့အတူ စိတ်ကျေနပ်မှုရှိတယ်ဆိုတာ ဖော်ပြခဲ့ကြပါတယ်။ ဒါ့ပြင် တီယန်ကျင်းမြို့မှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပွဲနဲ့ ဆွေးနွေးပွဲအစီအစဉ်ကိုလည်း သဘောတူကျေနပ်ခဲ့ကြပါတယ်။
ဒါ့ပြင် လက်ဗ်ရော့ဗ်နဲ့ ဝမ်ရိတို့ဟာ အမေရိကန်နဲ့ ဆက်ဆံရေးနဲ့ ကုလသမဂ္ဂ ပဋိဉာဏ်နဲ့အညီ ယူကရိန်းပဋိပက္ခကို ဖြေရှင်းရေး အလားအလာတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ် ဆိုပါတယ်။ သူတို့က ကိုရီးယားကျွန်းဆွယ်နဲ့ အစ္စရေး-အီရန် ပဋိပက္ခ တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးကိုလည်း ဆွေးနွေးမှု ပြုခဲ့ကြပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်တို့ မော်စကိုမှာ မေလအတွင်းက တွေ့ကြတုံးမှာရခဲ့တဲ့ သဘောတူညီချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတွေကိုလည်း သူတို့နှစ်ဦးဆွေးနွေးခဲ့ကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်တစ်ခုမှာလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား ချုပ်ဆိုခဲ့တဲ့စာချုပ်က အင်အားကြီးနိုင်ငံတွေအကြား ချုပ်ဆိုခဲ့တဲ့စာချုပ်တွေထဲမှာ အခိုင်မာဆုံး၊ ဝေဆာမှုအရှိဆုံးနဲ့ မဟာဗျူဟာအရ တန်ဖိုးအရှိဆုံးအဖြစ် ဝမ်ရိက ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ဝမ်ရိက သူတို့ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးရဲ့ အခုလိုဆက်သွယ်ဆွေးနွေးမှုက ဒီနှစ်ဆန်းပိုင်းမှာ ပူတင်နဲ့ ရှီကျင့်ဖိန်တို့ ရရှိခဲ့တဲ့သဘောတူညီချက်တွေကို အချိန်ကိုက်အကောင်အထည်ဖော်ရာမှာ အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။
လက်ရှိအလေးထားရမှာတွေကတော့ အနာဂတ်မှာ အဆင့်မြင့်ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့၊ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းဖို့၊ နှစ်နိုင်ငံစလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်နိုင်ဖို့၊ ပဋိပက္ခမျိုးစုံဖြစ်ပွားပြီး ပြောင်းလဲနေတဲ့ကမ္ဘာကြီးကြောင့် ဖြစ်ပေါ်နေရတဲ့ စိန်ခေါ်မှုတွေကို ပူးတွဲတုံ့ပြန်နိုင်ဖို့ တို့အတွက် ပူးပေါင်းကြိုတင်ပြင်ဆင်နိုင်ကြဖို့ဖြစ်တယ်လို့ ဝမ်ရိက ပြောခဲ့ပါတယ်။
ပန်းခြံထဲကို အဖွဲ့ဝင်တွေနဲ့အတူ လမ်းလျှောက်ဝင်လာကြပြီးတဲ့နောက် အေးအေးဆေးဆေး ပန်းခြံထဲမှာပဲ ဆွေးနွေးပွဲကျင်းပခဲ့ကြတဲ့ လက်ဗ်ရော့ဗ်နဲ့ ဝမ်ရိတို့ကို ပြုံးပြုံးရွှင်ရွှင်တွေ့ကြရတဲ့အပြင် ကင်မရာရှေ့မှာ လက်ဝှေ့ယမ်းနှုတ်ဆက်မှုတွေတောင် လုပ်သွားကြတာမို့ အင်အားကြီးနှစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဆွေးနွေးပွဲကတော့ စိတ်ကျေနပ်ဖွယ်တွေဖြစ်ခဲ့ကြတယ်လို့ ယူဆရမှာပါ။
Ref- RT International



