၁၄.၇.၂၀၂၅
Written By Zun
နှစ်လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့်ကားတစ်စီး သစ်ပင်ဝင်တိုက်မိ၍ ၉ ဦး ဒဏ်ရာရမှု ထိုင်းနိုင်ငံတွင် ယမန်နေ့ ဇူလိုင်လ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
မြန်မာနိုင်ငံသား အလုပ်သမားများအား ခွန်ဘူရီ၊ ရယောင်း၊ ဘန်ကောက်မြို့များမှ တင်ဆောင်လာသော ဗင်ကားဖြင့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ပို့ဆောင်ပေးစဉ် ကန်ဖမ်းဖက်ခရိုင်၊ ခလောင်ခလွန်ဒေသတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။
အဆိုပါယာဥ်မှာ တိုယိုတာ ဗင်ကားအဖြူရောင်ဖြစ်ပြီး ယာဉ်မောင်းနှင်သူမှာ ထိုင်းနိုင်ငံသား အသက် ၄၉ နှစ်ရှိ Mr. Samran ဆိုသူဖြစ်ကြောင်း၊ အိပ်ငိုက်၍ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရသောကြောင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းလည်း သိရသည်။
ယာဉ်ပေါ်ပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံ၌ တရားဝင်နေထိုင်သူများဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်မည့်သူများဖြစ်ကြောင်းလည်း ကန့်ဘွန်းရဲစခန်းကစစ်ဆေးစဉ် အတည်ပြုထားကြောင်း သိရသည်။
နှစ်လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် နေရပ်ပြန် မြန်မာနိုင်ငံပြန်မည့် အလုပ်သမား ၁၀ ဦး လိုက်ပါလာသည့် ၎င်းယာဉ် မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါသူများအထဲတွင် ပိတ်မိနေကြ၍ ထိုင်းဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့များက ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းတစ်ဦးနှင့် မြန်မာနိုင်ငံသား ၁၀ ဦးထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူတစ်ဦး အပါအဝင် ၉ ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးပြီး ခလောင်ခလွန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ သို့သော်နှစ်လသားအရွယ်ကလေးငယ်နှင့် မိခင်တို့နှစ်ဦးမှာ ဒဏ်ရာမရရှိခဲ့ကြောင်းလည်း သိရသည်။
“ကားက ကျွန်းပင်ကြီးကိုတိုက်မိတော့ ဖြတ်စက်တွေနဲ့ ဖြတ်တောက်ပြီး ကားထဲက လူတွေကို ကယ်ထုတ်ရတယ်။ ကံကောင်းထောက်မစွာနဲ့ (၂)လအရွယ် ကလေးမလေး သီသီလေးလွတ်မြောက်သွားပါတယ်”ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဒေသတွင်း သတင်းမီဒီယာများကို ပြောကြားထားသည်။









