၁၄.၇.၂၀၂၅
Written By Thandar
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ကြီးမှူးဖွင့်လှစ်တဲ့ “သတင်းစာပညာ သိမှတ်ဖွယ်ရာများ” သင်တန်းဖွင့်လှစ်ပွဲ၊ အလှူငွေပေးအပ်ပွဲနဲ့ အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင် ၁၄ ရက်နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရှိ ရွှေဥဒေါင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။
“ဒီသတင်းဖွင့်လှစ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မျိုးဆက်သစ်တွေပေါ့။ ဝမ်းစာနည်းတဲ့အတွက် သူတို့ထောင်မကျအောင် ကျွန်တော်တို့ သင်ပေးတဲ့ သဘောပါပဲ။ တကယ်တော့ မြေပြင်မှာ တကယ်ကို လက်တွေ့လုပ်ဆောင်နေသူတွေကို သင်တန်းပေးတာပါ။ ဝါသနာရှင်တွေအတွက် ဖွင့်လှစ်ပေးဖို့က အစီအစဉ် မရှိသေးပါဘူး။ ကျွန်တော့်အသင်းမှာ အလှူငွေပေးအပ်တယ်ဆိုပေမယ့် သင်တန်းမှာ တစ်ပြားမှမရှိပါဘူး။ ကျွန်တော်လိုက် အလှူခံကြတဲ့အချိန်မှာ ဝိုင်းလှူဒါန်းကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရလည်း လှူပါတယ်။ အများကြီးဝိုင်းလှူကြပါတယ်။ ဒီသင်တန်းကို အကြွေးမတင်ဘဲ လုပ်ပေးနိုင်ခဲ့ပါတယ်။ သတင်းတု သတင်းယောင်တွေကို လက်ရှောင်ကြဖို့ပြောချင်ပါတယ်”လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးမြတ်ခိုင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း ဥက္ကဋ္ဌ ဦးမြတ်ခိုင်၊ ပြည်သူ့ရှေ့ဆောင် ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းအေး၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းအတွင်းရေးမှူး ၂ ကိုဌေးလင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးလွင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေတချို့တက်ရောက်ခဲ့ကြပါတယ်။.
ဒီပွဲမှာ Show Like က မမျိုးရတနာထိုက်က ကျပ်သိန်း ၅၀၊ THOR က ကိုဝင်းမြင့်သိန်းက ကျပ် ၁၀ သိန်း၊ တော်ဝင်မိသားစုက မဝတ်ရည်ထွေးက ကျပ် ၁၀ သိန်း စတဲ့သူတွေ အသီးသီးပါဝင်လှူဒါန်းခဲ့ကြတာကို မှတ်တမ်းတင်လက်မှတ်တွေ ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
ဒီသင်တန်းကာလကိုတော့ နံနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ၅ ရက်သတ်မှတ်ထားပြီး သင်တန်းသား ၄၈ ယောက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ သင်တန်းတွေကို လာမယ့် ၉ လပိုင်းလောက်မှာ ဆက်လက် ဖွင့်လှစ်နိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။
#ဦးမြတ်ခိုင် #UMyatKhine
#မြန်မာနိုင်ငံသတင်းစာဆရာအသင်း #MJA #mja











