၁၄.၇.၂၀၂၅
Written by Hey Mar
အထပ်မြင့်တိုက်ပေါ် လေအေးပေးစက် တပ်ရောက်ပြုပြင်တဲ့ လုပ်သားတစ်ဦး မတော်တဆ ပြုတ်ကျသေဆုံးမှု ဒီနေ့ ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်က ရန်ကုန်မြို့တွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်မြို့၊ ဘုန်းကြီးလမ်းနဲ့ ကမ်းနားလမ်းထောင့်က အလှပြင်ဆိုင် ဖွင့်လှစ်ထားရာ အထပ်မြင့် ၇ လွှာကနေ ပြုတ်ကျတာလို့ သိရှိရပြီး သေဆုံးသူအမျိုးသားက အသက် သုံးဆယ်ဝန်းကျင် လေအေးပေးစက် တပ်ဆင်ပြုပြင်သူ လို့ သိရပါတယ်။

အဆိုပါသေဆုံးသူအမျိုးသားမှာ ပြုတ်ကျတဲ့ အရှိန်ကြောင့် မျက်နှာ ကွဲကြေ၊ ဦးခေါင်းအနည်းငယ်ပြားကာ ပြင်းထန်ဒဏ်ရာရရှိ သေဆုံးခဲ့တာလို့ သိရပါတယ်။
ရုပ်အလောင်းကို လူမှုကူညီရေးအသင်းကယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ မိုးရာသီကာလ ဖြစ်တဲ့အတွက် တချို့အထပ်မြင့်တိုက်နံရံတွေမှာ ရေညှိပင်တွေကပ်ရောက် ပေါက်ပွားနေကြောင်း၊ အထပ်မြင့်တိုက်တွေပေါ် တွယ်တက် အလုပ် လုပ်ရတဲ့ လုပ်ငန်းခွင်ကလုပ်သားတွေအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို သေချာဂရုစိုက်လုပ်ဆောင်သင့်ကြောင်းလည်း Seafty နဲ့ ပတ်သက်လို့ လုပ်ငန်းခွင်အတွင်း အသိပညာပေး သင်တန်းပို့ချသူ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင် မဟုတ်တဲ့ အခုလို အထပ်မြင့်တိုက်ပေါ်တပ်ဆင်ထားတဲ့ လေအေးပေးစက်သော်လည်းကောင်း အခြားကိစ္စရပ်တစ်ခုခုသော်လည်းကောင်း ဆောင်ရွယ်မယ်ဆိုပါက လုပ်ငန်းခွင်ကြီးတွေလို ငြမ်းဆင်၊ ပိုက်စိမ်းကာတာမျိုး ပြုလုပ်ဖို့ မလွယ်ကူရင် သက်ကယ်ကြိုးနဲ့ ခါးမှာ ချည်နှောင်ပြီး တွယ်ချိတ်ဆောင်ရွက်ခြင်းကသာ ဘေးကင်းလုံခြုံမှုရှိရှိ အလုပ် လုပ်နိုင်မှာဖြစ်ကြောင်း MT News က ချိတ်ဆက်မေးမြန်းတာကို ရှင်းလင်းပြောပြပါတယ်။
