၁၄.၇.၂၀၂၅
Translated by Htwe Ko Tun
အီရန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူတစ်ဦးက နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်အပေါ်ပိတ်ဆို့မှုပြုဖို့ ဆောင်ရွက်လာမယ့် ကုလသမဂ္ဂရဲ့ ဘယ်လိုအရေးယူမှုကိုမဆို အီရန်အစိုးရအနေနဲ့ ပြန်လည်တုံ့ပြန်သွားမယ်လို့ ဇူလိုင်လ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အီရန်အနေနဲ့ဘယ်လို တုံ့ပြန်ဆောင်ရွက်မလဲဆိုတာ အသေးစိတ်ပြောကြားမှုမပြုခဲ့ပါဘူး။
ဥရောပလုံခြုံရေး အကျိုးစီးပွားတွေကို အာမခံတဲ့ နျူကလီးယားသဘောတူညီချက်မရှိခဲ့ဘူးဆိုရင် ဥရောပအင်အားကြီးနိုင်ငံတွေအနေနဲ့ အီရန်နိုင်ငံအပေါ် Snapback mechanism လို့ခေါ်တဲ့ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို ပြန်လည်ထားရှိ ဆောင်ရွက်မယ်လို့ ပြင်သစ်သံတမန်သတင်းရင်းမြစ်တစ်ခုက ပြီးခဲ့တဲ့အပတ်က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။
Snapback mechanism လို့ခေါ်တဲ့ ပိတ်ဆို့မှုယန္တရားက အီရန်ရဲ့ နျူကလီးယားအစီအစဉ်အပေါ် ကန့်သတ်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ အရေးယူမှုတွေကို ရုပ်သိမ်းပေးခဲ့တဲ့ ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်အရ တီဟီရန်အပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ချမှတ်မယ် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။
“Snapback mechanism ယန္တရားကို အသုံးပြုဖို့ ခြိမ်းခြောက်လာတာက တရားဥပဒေနဲ့ နိုင်ငံရေးအခြေခံတွေက ကင်းမဲ့နေပြီး အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံထံက သင့်လျော်ပြီး အချိုးကျတဲ့ တုံ့ပြန်မှုတစ်ခုနဲ့ ကြုံရလိမ့်မယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ ပူးပေါင်းပြီး ဘက်စုံပူးပေါင်းလုပ်ဆောင်ချက်အစီအစဉ် (JCPOA) လို့ လူသိများတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်မှာ အီရန်ရဲ့ ထင်ရှားတဲ့ စွမ်းဆောင်ရည်မရှိလုပ်ဆောင်ချက်တွေအပေါ် စွပ်စွဲချက်တွေကို သဘောတူညီချက်ပါနိုင်ငံတွေအနေနဲ့ မဖြေရှင်းနိုင်ခဲ့ရင် လျှို့ဝှက်ဆန်းကြယ်တဲ့ယန္တရားလုပ်ငန်းစဉ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက အရေးယူဆောင်ရွက်ဖို့စဥ်းစားနိုင်လိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။
“ဒီဖြစ်နိုင်ခြေအချက်ကို ကိရိယာတစ်ခုအနေနဲ့အသုံးချဖို့ အဆက်မပြတ်ကြိုးစားနေတဲ့ ဥရောပနိုင်ငံတွေ အနေနဲ့ သူတို့ကိုယ်သူတို့ JCPOA အောက်မှာ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ပြင်းပြင်းထန်ထန်နဲ့ အခြေခံချိုးဖောက်မှုတွေ ကျူးလွန်နေကြတာပဲ” လို့ Baghaei က ပြောကြားခဲ့ပါတယ်။
“သူတို့ဟာ JCPOA လက်အောက်မှာ ထမ်းဆောင်ရမယ့် တာဝန်တွေကို ကျေပွန်အောင် မစွမ်းဆောင်နိုင်ခဲ့လို့ ဒီယန္တရားကို အားကိုးဖို့ တရားဥပဒေနဲ့ ကျင့်ဝတ်ဆိုင်ရာ ရပ်တည်ချက် မရှိပါဘူး” လို့လည်း ဆက်လက်ပြောခဲ့ပါသေးတယ်။
Ref- Reuters
