၁၄. ၇. ၂၀၂၅
Written by Hey Mar
တက္ကစီယာဉ်မောင်းဖြစ်သူကို ချွန်ထက်တဲ့အရာနဲ့ ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်ပြီး တက္ကစီ၊ ဖုန်းနဲ့ ငွေကြေးစတာတွေ အကုန်လုံး လုယက်ခံရမှုဖြစ်စဉ် မနေ့က ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီကျော်အချိန်မှာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတာက အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းပေါ်၊ မင်းဓမ္မအိမ်ရာရှေ့မှာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တက္ကစီယာဉ်မောင်း ဒဏ်ရာတွေနဲ့ လဲကျနေတာကို တာဝန်သိပြည်သူက နီးစပ်ရာ လူမှုကူညီရေး အသင်းထံ ဖုန်းနဲ့ဆက်သွယ်အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လှိုင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက “အခင်းဖြစ် နေရာက ယာဉ်မောင်းဆီ ကျွန်တော်တို့ ရောက်သွားတော့ သူ့နားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ရောက်ရှိကူညီနေပြီခင်ဗျ။ ကျွန်တော်တို့က ဒဏ်ရာတွေကို သွေးထွက်မလွန်အောင် မြေပြင်မှာ ရှေးဦးသူနာပြုလုပ်ငန်းစဉ်တွေ ပြုလုပ်ပေးပြီး အင်းစိန်ဆေးရုံကြီးဆီ အမြန်ပို့ဆောင်ပေးခဲ့ပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လုယက်ခံရပြီး ချွန်ထက်တဲ့အရာနဲ့ ဒဏ်ရာရအောင်ပြုလုပ်ခံရသူ တက္ကစီယာဉ်မောင်းက Fielder အမျိုးအစား ခဲရောင် မော်တော်ယာဉ်ကို မောင်းနှင်တာဖြစ်ပြီး အသက်အရွယ်အားဖြင့် ၆၄ နှစ်အရွယ်လို့ သိရပါတယ်။ စူးဝင် ပြတ်ရှထိခိုက်ဒဏ်ရာ စုစုပေါင်း ၁၃ ချက် ရရှိထားပြီး ဘယ်ဘက်နံစောင်း၊ ချိုင်းအောက်နဲ့ ပခုံးတွေမှာ ဒဏ်ရာများတယ်လို့လည်း အဆိုပါ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။
လုယက်ခံရတဲ့ မော်တော်ယာဉ်ကိုလည်း ဒီနေ့ ဇူလိုင်လ ၁၄ ရက်နေ့မနက်အစောပိုင်းက ဘုရင့်နောင်လမ်းနဲ့ ပိတောက်ချောင်း လမ်းထောင့်မှာ ရပ်လျက်သား ပြန်လည်တွေ့ရှိပြီဖြစ်တယ်လို့ ကူညီစုံစမ်းခဲ့ကြတဲ့ တွဲလက်တူညီ တို့ တက္ကစီ တက္ကစီ Service Group မှ တာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါတာဝန်ရှိသူက “အလုခံရတဲ့တက္ကစီက ကျွန်တော်တို့ တက္ကစီ ဂရုတွေ ရှိတယ်လေ။ အဲ့ဒီဂရုတွေထဲ တစ်ခုမှ သူက ဝင်မထားဘူး။ အဲ့ဒီတော့ ကွန်ရက်အပြင်ရောက်နေတာ။ ချက်ချင်းမသိတော့ အချိန်မီ မကူနိုင်လိုက်ဘူး။ နောက်တစ်ခု ကွန်ရက်ထဲက တက္ကစီတွေဆို လုယက်သူတွေက မထိရဲတော့ဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်တုန်းက ဖြစ်ခဲ့တဲ့ လုယက်မှုတွေအပြီး ဒီနောက်ပိုင်း ဒါ ပထမဆုံး ပြန်ကြားရတာပဲ” လို့ ဆိုပါတယ်။
တက္ကစီ Service Group တွေ ထဲဝင်ထားပါက မန်ဘာကြေးအဖြစ် လစဉ် တစ်လ ငါးထောင်သာ ကောက်ခံပြီး တခြား ဘာမှပေးစရာမလိုကြောင်းနဲ့ အဆိုပါကောက်ခံငွေကလည်း အဖွဲ့ဝင် တက္ကစီသမားရဲ့ လူမှုရေး၊ သာရေးနာရေးနဲ့ ယာဉ်အတွက် လိုအပ်တာတွေ ပြန်လည် ဆောင်ရွက်လိုပါက အဖွဲ့ထံ တင်ပြအကူအညီတောင်းယူပြီး အရစ်ကျ ပြန်လည်ပေးဆပ်တာ လိုအပ်ရင် ထောက်ပံ့တာ ဒါတွေ ဆောင်ရွက်တာလို့လည်း သိရပါတယ်။
“ကျွန်တော်တို့က တစ်ခုခုဖြစ်ပြီဆို နီးစပ်ရာ ကားအချင်းချင်း ချိတ်ဆက်ပြီး ဝိုင်းကူညီတာ။ တက္ကစီ လုယက်ခံရတာတွေတုန်းကလည်း သက်ဆိုင်ရာနဲ့ ပူးပေါင်းပြီး ဝိုင်းကူကြတာပဲ။ ကားမှာ ဂရုတစ်ခုခုရဲ့ စတစ်ကာပါရင်ကို အကြမ်းဖက်မယ့်သူက ရှောင်လေ့ရှိနေပြီ” လို့လည်း ဆိုပါတယ်။
ရန်ကုန်မြို့မှာ မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ တက္ကစီဂရု တွေရှိသလို မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ တိုင်းအဆင့်ဆိုပြီး အသီးသီး ဖွဲ့ထားကြပြီး ဂရုတစ်ခုကို တက္ကစီ အစီးရေ ၂၀၀ ဝန်းကျင်ကနေ ၈၀၀ ဝန်းကျင်အထိ ရှိတယ်လို့လည်း သိရပါတယ်။
