၁၄. ၇.၂၀၂၅
Written by Hey Mar
မလေးရှားနိုင်ငံက ပရိဘောဂစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်မတော်တဆမှုနဲ့ ဆေးရုံတက်ရောက်ကုသနေရာကနေ သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇူလိုင် ၁၃ ရက်နေ့က မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဂလန်ပါသမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မလေးရှားနိုင်ငံခြေစိုက် လောကအလင်း လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
သေဆုံးသူက အသက် ၂၂ နှစ်အရွယ် ကိုဖြိုးအောင်လို့ သိရပြီး နိုင်ငံကူးလက်မှတ် နံပါတ် MG 752008 ကို ကိုင်ဆောင်ထားကာ မြန်မာပြည်က မကွေးတိုင်း၊ စလင်းနယ်သားလို့သာ သိရှိရပြီး မိသားစုကို ဆက်သွယ်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။




ဖြစ်စဉ်က မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဂလန်ပါသမြို့ရှိ ပရိဘောဂ စက်ရုံမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကမှ ကိုဖြိုးအောင်က အလုပ်ဝင်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီခန့်က အလုပ်ခွင်အတွင်း စက်ချွတ်ယွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိကာ ဂျိုဟိုးမြို့ရှိ ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူရင်း မနေ့က ဇူလိုင် ၁၃ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ဆုံးပါးသွားခဲ့တယ်လို့ လောကအလင်း လူမှုကူညီရေးအသင်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
လောကအလင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “သိရသလောက်တော့ စက်ရုံပြေးဆိုတော့ တရားဝင်အလုပ်သမားမဟုတ်တဲ့ အတွက် နစ်နာကြေးတော့ သေချာမသိရသေးပါဘူး။ ဒီမှာကလည်း အစိုးရက အို (Over stay)သမားတွေ၊ အထောက်ထားမဲ့နေထိုင်သူတွေ အပြင်းအထန်ရှာဖွေ ဖမ်းဆီးနေချိန်ဆိုတော့ နည်းနည်းတော့ ရှုပ်နိုင်ပါတယ်။ ဒီကိစ္စကို ကူညီဆောင်ရွက်ပေးနေသူကတော့ ကိုယ့်မြန်မာပြည်သားတစ်ယောက်ဖြစ်နေလို့ မိသားစုနဲ့အဆက်သွယ်ရဖို့အရေး အကူညီတောင်းခံလာလို့ ကူညီချိတ်ဆက်နေဆဲပဲရှိသေးတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူ ကိုဖြိုးအောင်က အခု လက်ရှိ ပရိဘောဂစက်ရုံက အလုပ်ကို ဝင်ရောက်မလုပ်ကိုင်မီက ဂျိုဟိုးပြည်နယ်၊ မွှားမြို့၊ ဝရိန်စက်ရုံမှာ လုပ်ကိုင်ခဲ့ဖူးကြောင်းနဲ့ သူ့ရဲ့ သူငယ်ချင်းအပေါင်းအသင်း၊ မိတ်ဆွေ၊ မိသားစုကို ဆက်သွယ်ရာမှာ အချိတ်အဆက် မရှိဖြစ်နေလို့သေဆုံးသူရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ဖို့ အခက်အခဲရှိနေတယ်လို့လည်း သိရှိရပြီး လောကပါလအသင်းက ကိုဖြိုးအောင်ကို သိရှိပါက အသင်းကို ( 018-9638567 ) ဆက်သွယ်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
