၁၁. ၇. ၂၀၂၅
Written by Nyein Kyaw
ကိုဗစ်-၁၉ ချေးငွေ အတိုး၊ အရင်းမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများမှ ငလျင်ဘေးဒဏ် အမှန်တကယ် ထိခိုက်ခံစားခဲ့ရသည့် ကုမ္ပဏီ/လုပ်ငန်းများကို ချန်လှပ်၍ ကျန်လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယမန်နေ့က ပြုလုပ်သည့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅) ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးကဏ္ဍနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍတို့သည် ချေးငွေသက်တမ်းကာလ ပြည့်မြောက်နေပြီဖြစ်သည့်အတွက် ချေးငွေများ ပြန်လည်ကောက်ခံရန်ကိစ္စ၊ နိုင်ငံတော်၏လှည့်ပတ်ရန်ပုံငွေနှင့် အထွေထွေ ပိုလျှံရန်ပုံငွေသို့ ပြန်လည်ကောက်ခံရရှိမှုနှင့် ပေးသွင်းပြီးစီးမှုအခြေအနေ၊ ပေးဆပ်ရန်ကျန်ရှိမှုကိစ္စတို့ကို ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးခဲ့သည်။
ထို့နောက် ချေးငွေစိစစ်ကြပ်မတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများမှ အတိုး၊ အရင်း ကောက်ခံရရှိမှုနှင့် သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အခြေအနေများနှင့် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်သူများကို စီမံခန့်ခွဲမှုနည်းလမ်းဖြင့် အရေးယူဆောင်ရွက်နိုင်မှု အခြေအနေတို့ကို လုပ်ငန်းကော်မတီအတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က တင်ပြဆွေးနွေးသည်။
ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ကုမ္ပဏီ/လုပ်ငန်း စုစုပေါင်း ၅၉၉၀ ခုထံသို့ ကျပ် ၁၅၈ ဒသမ ၄၄၃ ဘီလျံ ခွင့်ပြုထုတ်ချေးထားမှု သုံးနှစ်ကျော် ကာလဖြစ်သည့် ၂၀၂၄ ခုနှစ် မေလကုန်အထိ အရင်းအကျေဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၁၂၀၅ ခုသာရှိပြီး အရင်းအလီအလီဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၁၃၂၆ ခုနှင့် အရင်းလုံးဝမဆပ်ရသေးသော ကုမ္ပဏီ/လုပ်ငန်း ၃၄၅၉ ခု (၅၇ ဒသမ ၇၄ ရာခိုင်နှုန်း)အထိ ကျန်ရှိနေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
