၁၁. ၇. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံသားမိဘများ နိုင်ငံပြင်ပတွင် မွေးဖွားသော ကလေးများအတွက် တစ်နှစ်အတွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ပြီးမှသာ ကလေးများအတွက် နိုင်ငံကူးလက်မှတ် ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ဇူလိုင် ၁၀ ရက် (ယမန်နေ့)တွင် အသိပေးထုတ်ပြန်ထားသည်။
တိုကျိုမြို့ရှိ မြန်မာသံရုံးသည် ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကောင်စစ်ဆိုင်ရာကိစ္စရပ်များအနက် မြန်မာနိုင်ငံသားမိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသော ကလေးများအတွက် မွေးဖွားကြောင်း မှတ်ပုံတင်ခြင်းကို မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မွေးဖွားပြီး တစ်နှစ်အတွင်း မြန်မာသံရုံးမှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ဦးစွာလျှောက်ထား ဆောင်ရွက်ရမည်ဖြစ်သည်။
ယင်းသို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသား မိဘနှစ်ပါးသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများဖြစ်ရန်လိုအပ်သည်။ မိဘများသည် အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြား ကိုင်ဆောင်သူများဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားသို့ ဥပဒေနှင့်အညီ လဲလှယ်ကိုင်ဆောင်ပြီးမှသာ ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားကြောင်းကို မြန်မာသံရုံးမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌ မှတ်ပုံတင်ပြီးမှသာ ကလေးများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအား ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသား မိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသောကလေးအား မွေးဖွားကြောင်း မှတ်ပုံတင်ခြင်းနှင့် ပတ်သက် ၍ လိုအပ်သည့် အထောက်အထား/စာရွက်စာတမ်းများနှင့် မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသော ကလေးများအတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားလိုခြင်းကိစ္စတို့အတွက် လိုအပ်သည့်အထောက်အထားများနှင့် စာရွက်စာတမ်းများအား သိရှိနိုင်ရန်လည်း အသိပေးဖော်ပြပေးထားသည်။


