၁၁. ၇. ၂၀၂၅
Written by Nay Moe
ကြွယ်ပုံရွာမှ ကောက်စိုက်ထွက်လာသော အမျိုးသမီး ၁၂ ဦးကို ပျူစောထီးဟုဆိုကာ သတ်ဖြတ်လိုက်သည့် စစ်ကိုင်းတိုင်း ကြွယ်ပုံကျေးရွာအနီးရှိ လင်းတလူးရွာ PDF စခန်းကို ယနေ့ နံနက်ပိုင်းတွင် လေကြောင်းဖြင့် ရှင်းလင်းလိုက်သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်နံနက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာအတွင်း၌ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၁၃၀၀ ခန့်အကွာသို့ အရောက်၌ PDF များက ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့်အတွက် ရက်စက်ယုတ်မာစွာဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်စဥ်ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဥ်နောက်ပိုင်း နယ်မြေရှင်းလင်းရန် ထောက်လှမ်းရာမှ ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ PDF များအခြေပြုနေသည့် လင်းတလူးရွာ ဘုန်းကြီးကျောင်းကို ယနေ့နံနက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကြွယ်ပုံကို PDF တွေက ပျူစောထီးရွာဆိုပြီး ခဏခဏ တိုက်ခိုက်နေတာ။ ဒီအမျိုးသမီး ၁၂ ဦးတင်မက ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီကလည်း ကြွယ်ပုံရွာကို PDF တွေ ဒရုန်းဗုံးချလို့ ကလေးငါးယောက်ရော၊ လူကြီးတွေရော ၈ ယောက်သေပြီး ၃၁ ယောက်ဒဏ်ရာရသွားသေးတယ်။ ပြီးတော့ ကြွယ်ပုံပတ်ဝန်းကျင်မှာလည်း မာလဲတော၊ ဆင်တပ်၊ ညောင်ငုတ်တိုကပဲ ပြည်သူ့စစ်ရွာ။ အဲဒီလေးရွာက လူတွေကို ပျူတွေဆိုပြီး PDF တွေက မကြာခဏ လာလာသတ်နေကြတာ။ လင်းတလူးအပါအဝင် ကျန်တဲ့ပတ်လည်ရွာအကုန်လုံးက လက်နက်ကိုင် PDF တွေ ခိုတဲ့နေရာပဲ။ ကြွယ်ပုံနဲ့ လင်းတလူးကလည်း ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ လောက်ပဲကြာပြီး ၈ မိုင်ကျော်လေးဝေးတာ။ ပြည်သူတွေက သတင်းပေးတာလည်း ပါတာပေါ့။ ဒါကြောင့်လည်း အတိအကျ အရှင်းခံရတာ”ဟု ဒေသအခြေအနေသိရှိသူတစ်ဦးက MT News ကို ရှင်းပြသည်။
လင်းတလူးရွာဘုန်းကြီးကျောင်းရှိ PDF စခန်းကို ယနေ့ ဇူလိုင် ၁၁ ရက်ကူးစ နံနက် ၁ နာရီခန့်တွင် လေကြောင်းမှ ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအတွင်း ကျောင်းဆောင်အချို့ပျက်စီးကာ အနည်းဆုံး ၂၈ ဦးသေဆုံးသည်ဟုလည်း NUG, PDF ထောက်ခံမီဒီယာများက ဖော်ပြနေသလို အဆိုပါ Exile Media များရေးသားလေ့ရှိသည့်အတိုင်း ရှင်းလင်းခံရသည့် လင်းတလူးဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်များ နေထိုင်သည်ဟုလည်း ဖော်ပြနေသည်။
