၁၁. ၇. ၂၀၂၅
Translated by Thettant
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် မလေးရှားနိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အာဆီယံအစည်းအဝေး ကာလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ယခုရက်ပိုင်းအတွင်း တွေ့ဆုံဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံမှုဖြစ်မြောက်လာပါက တရုတ် – အမေရိကန် နှစ်နိုင်ငံအကြား ထိုင်ဝမ်အရေးနှင့် အငြင်းပွားဖွယ် ကုန်သွယ်ရေးပြဿနာ ရှိနေသည့်အချိန်တွင် တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်လာမည်ဖြစ်သလို အကယ်၍သာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ညီလာခံကာလအတွင်း ဤတွေ့ဆုံမှု အမှန်တကယ် ဖြစ်မြောက်ခဲ့ပါက ရူဘီယို ဇန်နဝါရီလတွင် ရာထူးစတင်ယူခဲ့ပြီးနောက်ပိုင်း ထိပ်တန်းသံတမန်နှစ်ဦး လူချင်းတွေ့ဆုံခြင်း ပထမဆုံးအကြိမ် ဖြစ်လာမည်လည်းဖြစ်သည်။
အမျိုးသားလုံခြုံရေးအကြံပေး ရာထူးကိုလည်း ရယူထားသူ ရူဘီယိုက ကြာသပတေးနေ့တွင် ထပ်လောင်းပြောကြားခဲ့သည်မှာ၊ ယူကရိန်းစစ်ပွဲတွင် ရုရှား၏ ရန်လိုမှုများကို အဆုံးသတ်ရန် အမေရိကန်က ကြိုးပမ်းနေချိန်တွင် တရုတ်၏ အကူအညီကို အမေရိကန်က တောင်းခံနိုင်ကြောင်း ဖြစ်သည်။
“ကျွန်တော်တို့ အဲဒီအတွက် ကြိုးစားနေတယ်လို့ ထင်ပါတယ်” ဟု ရူဘီယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။ “တွေ့ဆုံကောင်း တွေ့ဆုံမယ်၊ ပြီးတော့ သေချာတာပေါ့၊ အဲဒီအကြောင်း ပြောဆိုကြမှာပါ။ တရုတ်တွေက ရုရှားရဲ့ ကြိုးပမ်းမှုကို ထင်ရှားစွာ ထောက်ခံအားပေးနေတယ်လို့ ထင်ပါတယ်။ သူတို့က ပါဝင်ပတ်သက်နေတယ်လို့ မထင်အောင် လုပ်ကိုင်နေရင်း တတ်နိုင်သမျှ ကူညီဖို့ ဆန္ဒရှိကြတယ်လို့လည်း ထင်ပါတယ်။”ဟု ရူဘီယိုက ဆိုသည်။
တရုတ်နိုင်ငံမလိုလား ခက်ထန်သူဟု လူသိများသည့် ရူဘီယိုသည် ဘေဂျင်းမှ နှစ်ကြိမ်တိုင်တိုင် ဒဏ်ခတ်ပိတ်ဆို့ခြင်း ခံထားရပြီး၊ ၎င်းသည် ရာထူးလက်ရှိ နိုင်ငံခြားရေးဝန်ကြီးများအနက် ထိုသို့ တရုတ်က အရေးယူခံရသည့် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ထိုပိတ်ဆို့မှုများကြောင့် တရုတ်နှင့် ဝန်ကြီးအဆင့် ဖလှယ်မှုများကို အဟန့်အတားဖြစ်စေခဲ့သော်လည်း ကွာလာလမ်ပူ၌ တွေ့ဆုံခြင်းသည် ကြားနေ၊ တတိယနိုင်ငံ နေရာတစ်ခုတွင် သံတမန်နှစ်ဦး ဆက်ဆံပြောဆိုရန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်၏ ဘေဂျင်းသို့ ဖြစ်နိုင်ခြေရှိသော နောက်ထပ်ခရီးစဉ်အတွက် ပြင်ဆင်ရန် အရေးပါသော အခွင့်အလမ်းတစ်ခုကို ပေးစွမ်းမည်ဖြစ်သည်။
Ref, Xinhua
