၁၁. ၇. ၂၀၂၅
Written by Nay Moe
မှော်ဘီမြို့၊ ရွှေညဝါတောရ သာသနာပြုကျောင်းတိုက်၏ ဦးစီးပဓာနနာယက ရွှေညဝါဆရာတော် အရှင်ပညာသီဟ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်ကို လာမည့် ဇူလိုင် ၁၆ ရက် နေ့လယ် ၁ နာရီတွင် ကျင်းပမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ဘုရားလမ်းကျေးရွာ၊ ရွှေညဝါတောရ သာသနာပြုကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဖြစ်တော်မူသော ရွှေညဝါဆရာတော် အရှင်ပညာသီဟ သက်တော်(၆၁)နှစ်၊ ဝါတော် (၄ဝ) သည် ၁၃၈၇ ခုနှစ် ဝါဆိုလပြည့်ကျော် (၁)ရက် (ဇူလိုင် ၁၀ ရက်) ကြာသပတေးနေ့၊ နံနက် ၂ နာရီ ၄၅ မိနှစ် အချိန်တွင် အသည်းရောဂါဖြင့် အာရှတော်ဝင်ဆေးရုံ၌ တစ်ဘဝတစ်ခန္ဓာ ချုပ်ငြိမ်း ရုပ်သိမ်းတော်မူခဲ့သဖြင့် ကြွင်းကျန်ရစ်သောဥတုဇရုပ်ကလာပ်တော်မြတ်ကို ၁၃၈၇ ခုနှစ် ၊ ဝါဆိုလပြည့်ကျော်(၇)ရက်ဖြစ်သော ဇူလိုင် ၁၆ ရက်(ဗုဒ္ဓဟူးနေ့) နေ့လယ်(၁)နာရီအချိန်တွင် မှော်ဘီမြို့မသုသာန်သို့ ပင့်ဆောင်၍ အန္တိမအဂ္ဂိဈာပနပူဇာသဘင် ဆင်ယင်ကျင်းပမည်ဖြစ်သည်။
ဈာပန အခမ်းအနား အစီအစဉ်အရ ဇူလိုင် ၁၂ ရက်ဖြစ်သော စနေနေ့တွင် စံကျောင်းချအခမ်းအနားကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၁၃ ရက်တွင် ဆရာတော် ဘဒ္ဒန္တ သုမန (ရွှေဟင်္သာတောရ ညောင်တုန်းမြို့) အရှင်သူမြတ်နှင့် ဇူလိုင် ၁၄ ရက် (တနင်္လာနေ့) တွင် ဆရာတော် ဘဒ္ဒန္တ ဣန္ဒက (တွံတေးဆရာတော်)တို့မှ ညနေ ၃ နာရီ၊ဆည်းဆာအချိန်တို့တွင် ဓမ္မသံဝေဂကထာ ချီးမြှင့်ဟောကြားမည်ဖြစ်သည်။
ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်မူ စတားဗိုလ်လှိုင်း နှင့် ခရမ်း-ကြည်ကြည်မာ တို့က ဧယဉ်ကျူးကာ ဧည့်ခံမည်ဖြစ်ပြီး ထို ၁၆ ရက် နေ့လယ် ၁ နာရီအချိန်တွင် မှော်ဘီမြို့မသုသာန်သို့ ပင့်ဆောင်၍ အန္တိမအဂ္ဂိဈာပနပူဇာသဘင် ဆင်ယင်ကျင်းပမည်ဖြစ်သည်။
