◾️ မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ပြီး တပ်မတော်သားနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးကိုပါ ဆောင်ရွက်ပေးရန် SAC ဥက္ကဋ္ဌ မှာကြား
၁၀. ၇. ၂၀၂၅
Written by Nyein Kyaw
တပ်မတော် သားရေစက်ရုံ (မိတ္ထီလာ)အနေဖြင့် လက်ရှိအရည်အသွေးထက် ပိုမိုမြင့်မားသည့် သားရေကုန်ကြမ်း ထုတ်ကုန်များကို ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် အဆိုပါ တပ်မတော် သားရေစက်ရုံ (မိတ္ထီလာ)သို့ သွားရောက်စစ်ဆေးစဉ် မှာကြားသည်။
မိမိတို့တပ်မတော်အနေဖြင့် တပ်မတော်သားအားလုံး၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ အရည်အသွေးမြင့်ကုန်ပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများ ကောင်းရုံဖြင့်မရဘဲ လက်ရာများလည်း ကောင်းရန်လို အပ်မည်ဖြစ်ကြောင်း၊ တပ်မတော်သားရေစက်ရုံ (မိတ္ထီလာ)အနေဖြင့် ယခုထုတ်ကုန်ပစ္စည်းများ၊ အရည်အသွေးများဖြင့် ကျေနပ်နေ၍ မရဘဲ အရည်အသွေးပိုမိုမြင့်မားသည့် သားရေကုန်ကြမ်းထုတ်ကုန်များကို ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တပ်မတော်နှင့်ပုဂ္ဂလိက သားရေအချောထည်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများအတွက် သားရေကုန် ကြမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ သားရေထုတ်လုပ်မှု နည်းစဉ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဖိနပ်လုပ်ငန်းအတွက် လိုအပ်သည့် သားရေများအပြင် အခြားလုပ်ငန်းသုံး သားရေပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက်လည်း အရည်အသွေးမြင့် သားရေများ ထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် SAC ဥက္ကဋ္ဌသည် မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

တပ်မတော်သားများနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသကဲ့သို့ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ချိန်တွင် ပြည်သူ့ကျန်းမာရေး ဟောပြောမှုများကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယင်းနောက် မိတ္ထီလာတောင်ကန်ဘောင် (ရန်ကုန်-မန္တလေး)လမ်းသို့ ရောက်ရှိကြရာ မိတ္ထီလာကန်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကန်ပေါင်ပတ်လမ်းနှင့် ပလက်ဖောင်းများစနစ်တကျဖြစ်စေရေး၊ ကန်ပေါင်ပေါ်၌ ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ တာဝန်ရှိသူများကို SAC ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့သည်။
ထို့ပြင် မိတ္ထီလာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်အားကစားကွင်းသို့ သွားရောက်ခဲ့ပြီး ခရိုင်အားကစားကွင်း၌ ပွဲကြည့်ပရိသတ်များ အဆင့်မီမီ ကြည့်ရှုအားပေးနိုင်ရေး အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည့် အခြေအနေများ SAC ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့သည်။
