
၁၀ . ၇. ၂၀၂၅
Written by Thettant
ကုလားအမျိုးသားတစ်ယောက်က ရန်ကုန်ပို့ခိုင်းသည့် ကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော်အား သာစည်မြို့နယ်တွင် ဖမ်းမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမှ ရန်ကုန်သို့ ဇင်ကိုဦး မောင်းနှင်ပြီး အောင်မင်းသူ လိုက်ပါလာသော Nissan ၁၂ ဘီးမော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် သံပိုက်လုံးများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း(၎င်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၀၇ ဘီလျံ)အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိတရားခံများကို စစ်ဆေးပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား တင်ဆောင်ပေးသူ စိန်ကျော်ဝင်း အား ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၄)ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယင်းကိူ စစ်ဆေးဖော်ထုတ်ချက်အရ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင်နေထိုင်သူ ကုလားအမျိုးသားတစ်ဦးမှ ရန်ကုန်သို့ ပို့ဆောင်ပေးရန် လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
