◾️ သတင်းမှားများကို အခြေခံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းက နှစ်နိုင်ငံ မည်သို့မျှ အကျိုးမရှိခြင်းကြောင့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ရုပ်သိမ်းပေးရန်လည်း မေတ္တာရပ်ခံ

၁၀. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ထံ အမေရိကန်နိုင်ငံသို့ ပို့ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ သွင်းကုန်များအပေါ် သုညရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားရန် အဆိုပြုညှိနှိုင်းလိုသည်ဟု သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မြန်မာနိုင်ငံအပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဘောစနီးယား ဟာဇီဂိုးဗီးနား၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဆားဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို စသည့် စုစုပေါင်းနိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့် ပတ်သက်၍ ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/အကြောင်းကြားစာများ ပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာ/အကြောင်းကြားစာနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံညှိနှိုင်း ပြန်ကြားသည့် သဝဏ်လွှာ/ အကြောင်းကြားစာအား ဇူလိုင် ၉ ရက် (ယမန်နေ့)က ပေးပို့ခဲ့သည်။
အဆိုပါ SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြန်လည်ပေးပို့သည့် သဝဏ်လွှာ/ အကြောင်းကြားစာ၌ သမ္မတကြီးထံမှ မိမိထံသို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့စွဲဖြင့် ပေးပို့သော စာလွှာအား ကျေးဇူးတင်ရှိစွာဖြင့် လက်ခံရရှိသည်ကို ဦးစွာအသိပေးအပ်ကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် အမေရိကန်ပြည်ထောင်စုကြီး တိုးတက်ကြီးပွားသာယာဝပြောရေးအတွက် မျိုးချစ်စိတ် အပြည့်အဝဖြင့် တာဝန်သယ်ပိုးထမ်းဆောင်လျက်ရှိသကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအား လက်ရှိကမ္ဘာ့နံပါတ်(၁)ဈေးကွက်နှင့် အလွန်ကောင်းမွန်သော စီးပွားရေးရှိနေသည့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက်ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်မှုအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့ပို့ကုန်များအပေါ် (၄၄)ရာခိုင်နှုန်း အခွန်ကောက်ယူရန် မူလလျာထားချက်ကို၊ (၄၀)ရာခိုင်နှုန်း ပြင်ဆင်လျာထား ဆောင်ရွက်ပေးမှုအတွက်လည်း များစွာကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် သမိုင်းကြောင်း ရှည်လျားကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့ပြီး၊ ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာမှုကတိကဝတ်များကိုလည်း အစဉ်အမြဲထိန်းသိမ်းခဲ့ကြပါကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတိုးမြှင့်နိုင်ရန် အတွက်လည်း မိမိတို့ အစဉ်အမြဲ မျှော်လင့်ကြိုးပမ်းလျက်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားကုန်သွယ်မှုမမျှတသဖြင့် အမေရိကန်ဘက်မှ လိုငွေကြီးမားစွာပြခြင်းအတွက် အဆွေတော်သမ္မတကြီးအနေဖြင့် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းအပေါ် မိမိအပြည့်အဝ နားလည်ပါကြောင်း SAC ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

ကနဦးအနေဖြင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဘက်ညီမျှသော ကုန်သွယ်မှု ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်များအပေါ် အခွန် (၁၀)ရာခိုင်နှုန်းမှ(၂၀) ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ သွင်းကုန်များ အပေါ် (၀)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားရန် အဆိုပြုညှိနှိုင်းလိုကြောင်း၊ လိုအပ်ပါက မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အမြန်စေလွှတ်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လိုပါကြောင်း SAC ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး(LDC)နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေသည့်အပြင် လွန်ခဲ့သည့် (၅)နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုခါဆိုင်ကလုံးမုန်တိုင်း၊ ရာဂီမုန်တိုင်း ရေကြီးရေလျှံမှုနှင့် ၇ ဒသမ ၇ မဂ္ဂနီကျု့ရှိ မန္တလေးငလျင်ကြီးများကြောင့် ပြင်းထန်သောစိန်ခေါ်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရသဖြင့် မြန်မာပြည်သူများသည် ကြီးမားသော စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနေရသည့် အချိန်လည်း ဖြစ်ပါကြောင်း SAC ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
အလျဉ်းသင့်၍ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် မြန်မာအစိုးရနှင့် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို အဆွေတော်အား အသိပေးလိုပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အမေရိကန်နိုင်ငံရွေးကောက်ပွဲတွင် အဆွေတော်သမ္မတကြီး ကြုံတွေ့ခဲ့ရသလို မိမိတို့နိုင်ငံ ရွေးကောက်ပွဲတွင်လည်း ကြီးမားသည့် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၎င်းဖြစ်ရပ်များအတွက် အာဏာရပါတီနှင့် ရွေးကောက်ပွဲကော်မရှင်အား ပြန်လည်စိစစ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်မှုမပြုဘဲ နိုင်ငံတော်အာဏာကို မဲမသမာမှုများဖြင့် ပေါ်ထွက်လာသည့် ရလဒ်အရ တရားမဲ့ရယူရန်ကြိုးပမ်းမှုသည် တရားမျှတမှုမရှိကြောင်း၊ အာဏာရပါတီ မဟုတ်သည့် အခြားသော နိုင်ငံရေးပါတီများက လက်ခံယုံကြည်ကြသောကြောင့် အခြေခံဥပဒေက အပ်နှင်းထားသောတာဝန်အရ တပ်မတော်မှ နိုင်ငံတော်တာဝန်ကို လွှဲပြောင်း တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ မီဒီယာများ၏ မဟုတ်မမှန် ထုတ်လွှင့်ခဲ့မှုများကြောင့်သာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် နိုင်ငံတကာ အထင်အမြင်မှားမှုများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါကြောင်း SAC ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်က နိုင်ငံတော်အာဏာကို တာဝန်ယူဆောင်ရွက်ချိန်တွင် ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စိစစ်ခဲ့ရာ မဲအရေအတွက် (၁၁ ဒသမ ၃)သန်း (တစ်နိုင်ငံလုံး ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) မသမာမဲအဖြစ် စိစစ်တွေ့ရှိခဲ့ရပါကြောင်း၊ မဲမသမာမှုများအတွက် ထိုစဉ်ကတာဝန်ရှိသည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ချိန်တွင် ၎င်းတို့၏ထွက်ဆိုချက်များအရ မဲမသမာမှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့မှုကြောင့် ၎င်းတို့အပေါ် တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်များကိုခံယူပြီး ယခုအခါ ပြန်လည်လွတ်မြောက်နေကြပြီဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းကာ မဲမသမာမှုများကို စစ်ဆေးဖော်ထုတ်ခဲ့မှုအခြေအနေသည်လည်း မှန်ကန်မျှတမှုရှိကြောင်း တရားဝင်ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် ပြည်သူအများစုက လက်ခံယုံကြည်ခဲ့ကြပါကြောင်း SAC ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အစဉ်အဆက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူဝါဒကို ကျင့်သုံးခဲ့ပြီး၊ မည်သည့်နိုင်ငံနှင့်မျှ ပဋိပက္ခအငြင်းပွားမှုမရှိခဲ့ဘဲ ၎င်းအစဉ်အလာကောင်းကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း၊ အလားတူစွာပင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အခြားမည်သည့် ကမ္ဘာ့နိုင်ငံများကိုမျှ အနှောင့်အယှက်ပေးမှုမရှိခဲ့သည်ကိုလည်း ပြောကြားလိုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အဆွေတော်၏ အဆိုပြုချက်အတိုင်း ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများ ဖယ်ရှားခြင်း၊ အပြန်အလှန် အခွန်ကောက်ခံမှုထိန်းသိမ်းခြင်းတို့ဖြင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက် ရှိပါကြောင်း၊ အဆွေတော်နှင့် အမေရိကန် ပြည်သူပြည်သားများ ကျန်းမာရွှင်လန်းကြပါစေကြောင်း၊ အနာဂတ်လုပ်ငန်းစဉ်များတွင် အောင်မြင်မှုများ ဆွတ်ခူးနိုင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့် ဖော်ပြပါရှိကြောင်း သိရသည်။
