
၁၀. ၇. ၂၀၂၅
Written by Nyein Kyaw
ရွှေအရောင်းအဝယ်ကန့်သတ်ထားချိန် ရွှေဈေးနှုန်းတက်အောင် လုပ်ဆောင်ခဲ့သည့် ရွှေဝယ်ရောင်းသမား ၁၀ ဦးအား ထောင်ဒဏ်များ ချမှတ်အရေးယူထားကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်တချို့က MT News သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
“အဲဒါက ကိစ္စနှစ်ခုပေါင်းပြီးဖြစ်တာ။ ဟုတ်တယ်။ အဲဒါကတော့မှန်တယ်။ သတင်းကမှန်တယ်။ ဒါပေမဲ့ ပထမတစ်ကြိမ်တုန်းက အခုဖြစ်တဲ့သူတွေက ကျွန်တော်တို့က လုပ်ငန်းရှင်တွေမဟုတ်ဘူး။ ပွဲစားတွေ။ ပွဲစားတွေ၊ ဝယ်ရောင်းတွေမှာ အဓိကတော့ ပွဲစား၊ ဝယ်ရောင်းတွေကို အရေးယူတဲ့လုပ်ငန်းစဉ်ဖြစ်သွားတာ။ အဲဒါကတော့မှန်။ ခုနကမှမေးလိုက်တော့ ဟုတ်တယ်တဲ့။ အဲဒါလေးက ရှေ့မှာတစ်ဖြတ် လွန်ခဲ့တဲ့ရှေ့မှာတစ်ဖြတ်အရေးယူတာနဲ့ အခုအရေးယူတာနဲ့ ပေါင်းလိုက်တယ်။ စုစုပေါင်း ၁၀ ယောက်ဆိုတာ ဟုတ်တယ်။ ကျွန်တော်တို့ ပြောတဲ့သူတွေမဟုတ်ဘူး။ ပွဲစားလေးတွေ။ အဓိကတော့ ရောင်းတာ၊ ဝယ်တာကို အဓိကရွှေဈေးမတက်အောင် ထိန်းချုပ်နေတဲ့အချိန်မှာ ရောင်းတာဝယ်တာတွေကို ကန့်သတ်ထားတယ်။ အဲဒီပွဲစားတွေက ရောင်းတာဝယ်တာလုပ်ရင်တော့ ခုနကပြောတဲ့ တားမြစ်ထားတဲ့ဟာကို သွားလုပ်တဲ့အခါကြတော့ အရေးယူခံရတဲ့သဘောဖြစ်သွားတာ။ ထောင်ခြောက်လဆိုတာကတော့ ဟုတ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ အတိအကျမသိဘူး။ အရေးယူတာတော့မှန်တယ်” ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ အရေးယူရခြင်းမှာ ရွှေအရောင်းအဝယ်ကို ကန့်သတ်၍ ရွှေဈေးနှုန်းတည်ငြိမ်အောင် ထိန်းကျောင်းနေသည့် ကာလအတွင်း ရွှေဈေးနှုန်းထပ်မံမြင့်တက်လာအောင် ကန့်သတ်ချက်အား ချိုးဖောက်ပြီး အရောင်းအဝယ်ပြုလုပ်ခဲ့သူများဖြစ်ကြောင်း သိရသည်။
“အဓိကတော့ လေပတ်ကားရယ်မဟုတ်ဘူး။ အဓိက,က ရှင်းရှင်းပြောရလို့ရှိရင် ရွှေကို အရောင်းအဝယ်လုပ်ဖို့ ကန့်သတ်ထားတဲ့ ကာလတွေရှိတယ်။ အဲဒီကန့်သတ်ထားတဲ့ကာလမှာ သူတို့ကနေပြီးတော့ အရောင်းအဝယ်ကို လုပ်တဲ့အခါကြတော့ အဓိကတော့ ဈေးတက်အောင်လုပ်တာပေါ့နော်။ ကျွန်တော်တို့ တစ်ခါပြောဖူးတယ်လေ။ အဲဒီလူတွေကို ဖမ်းတာပါ” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ ရွှေကုန်သည် ၁၀ ဦးအား ထောင်ဒဏ်ခြောက်လ ချမှတ်အရေးယူခဲ့သည့်အပြင် ပိုင်ဆိုင်မှုများကိုပါ ပြည်သူပိုင်အဖြစ် သိမ်းဆည်းအရေးယူခဲ့ကြောင်း ယနေ့တွင် သတင်းများထွက်ပေါ်လာခဲ့သည်။
အဆိုပါ သတင်းနှင့်ပတ်သက်ပြီး MT News သတင်းဌာနမှ စုံစမ်းမေးမြန်းအတည်ပြုမှုများအရ ရွှေအရောင်းအဝယ်သမား ၁၀ ဦးကို အရေးယူပြစ်ဒဏ်ချမှတ်လိုက်ကြောင်းသာ သိရှိရပြီး မည်သည့် ဥပဒေပုဒ်မများနှင့် ပြစ်ဒဏ်မည်မျှချမှတ်လိုက်ခြင်းအား အတည်ပြုနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် အဆိုပါ ရွှေလုပ်ငန်းရှင်များအား အရေးယူထောင်ဒဏ်များချမှတ်ခဲ့သည်မှာ မှန်ကန်မှု ရှိ/မရှိနှင့် မည်သည့် ဥပဒေပုဒ်များဖြင့် ပြစ်ဒဏ်မည်မျှချမှတ်ခဲ့သည်ကို အသေးစိတ်အတည်ပြုနိုင်ရန်အတွက် SAC သတင်းထုတ်ပြန်ရေးအဖွဲ့သို့ MT News သတင်းဌာနအပါအဝင် မီဒီယာအများက ယနေ့တွင် မေးမြန်းထားသည်။
အဆိုပါ သတင်းနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များအား SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားလာသည့်အချိန်တွင်လည်း MT News သတင်းဌာနအနေဖြင့် ပြည့်စုံစွာ ထပ်မံဖော်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
