
၁၀. ၇. ၂၀၂၅
Translated by Thettant
နိုင်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံ၏အနောက်မြောက်ပိုင်း ကတ်ဆီနာပြည်နယ်၊ ဖက်စ်ကာရီခရိုင်အတွင်း ထကြွနေသော အကြမ်းဖက်လက်နက်ကိုင်များကို ချေမှုန်းနိုင်ရန် ပူးပေါင်းတန်ပြန်စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာတွင် ဓားပြ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကတ်ဆီနာပြည်နယ်၏ ပြည်တွင်းလုံခြုံရေးရဲမင်းကြီး နာဆာ မူအာဇူက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် လေတပ်တို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များသည် ဇူလိုင် ၈ ရက်နေ့ဖြစ်သော အင်္ဂါနေ့နှောင်းပိုင်းက ကာဒီဆော၊ ရာအူဒါမာနှင့် ဆာဘွန်လာယီ ရွာများဝန်းကျင်ရှိ ရာနှင့်ချီသော ဓားပြများ၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများကို တုံ့ပြန်ခဲ့ကြောင်း နာဆာ မူအာဇူက ပြောကြားခဲ့သည်။
ပြင်းထန်သော တိုက်ပွဲများအပြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တိုက်ခိုက်သူများကို ခုခံတွန်းလှန်နိုင်ခဲ့ပြီး၊ ဓားပြ ၃၀ ဦးသည် ထွက်ပြေးရန် ကြိုးစားစဉ် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြောင်း မူအာဇူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ထိုတိုက်ပွဲများအတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ စစ်သား ၂ ဦးနှင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ အရပ်သား ၁ ဦးကို ကုသမှုပေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားပြည်တွင်းအခေါ်အဝေါ်အရ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးရည်ရွယ်ချက်များဖြင့် အစိုးရကို တော်လှန်သည့်အသွင်စနစ်တကျဖွဲ့စည်းထားပြီး အကြမ်းဖက်တိုက်ခိုက်သည့်ဓားပြများဟု လူသိများသော နိုင်ဂျီးရီးယားလက်နက်ကိုင်အဖွဲ့များသည် မကြာသေးမီနှစ်များအတွင်း နိုင်ဂျီးရီးယားအနောက်မြောက်ပိုင်း ဒေသတစ်လျှောက်တွင် ဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြကာ လူထောင်ပေါင်းများစွာကို ပြန်ပေးဆွဲခြင်း၊ ရာနှင့်ချီသော လူများကို သတ်ဖြတ်ခြင်းနှင့် အချို့ဒေသများတွင် လမ်းခရီးသွားလာခြင်း သို့မဟုတ် စိုက်ခင်းများတွင် လုပ်ကိုင်ခြင်းကို မလုံခြုံတော့အောင် ထကြွခဲ့ကြသည်။
Ref, Reuters
