◾️ သို့သော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပန်းတိုင်ရည်မှန်းချက် မပြည့်မီခဲ့၍ မိတ္ထီလာခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကျပ်ဘီလျံ ၉၈၀ ခန့် လျော့နည်းဆုံးရှုံးခဲ့ရဟု ပြော
၁၀. ၇. ၂၀၂၅
Written by Nyein Kyaw
မိတ္ထီလာဒေသသည် မြန်မာနိုင်ငံ၏ အလယ်လမ်းဆုံကျသောကြောင့် စိုက်ပျိုးမွေးမြူရေးဖြင့် စီးပွားရေး အောင်မြင်စွာဆောင်ရွက်နိုင်မည့် အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြု့ဖများနှင့် MSME လုပ်ငန်းရှင်များအား တွေ့ဆုံစဉ် ပြောကြားသည်။
မိတ္ထီလာဒေသသည် မြန်မာနိုင်ငံ၏ အလယ်လမ်းဆုံကျသည့်ဒေသဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ နိုင်ငံအတွင်း နေရာဒေသအနှံ့အပြားသို့ တင်ပို့နိုင်သည့် အခြေအနေကို ပိုင်ဆိုင်ထားရှိသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းဖူလုံမှုကို ဦးစွာဆောင်ရွက်ပြီး ပိုလျှံသည်များကို ပြင်ပသို့ ဆက်လက်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

သို့သော် တွက်ချက်မှုများအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထွက်ရှိမှုသည် ပန်းတိုင်ရည်မှန်းချက်မပြည့်မီခဲ့ဘဲ ပျမ်းမျှတစ်ဧကလျှင် ၆၂ ဒသမ ၆၅ တင်းသာထွက်ရှိခဲ့သဖြင့် ၃၇ ဒသမ ၃၅ တင်း လျော့နည်းခဲ့ကြောင်း၊ အဆိုပါအချိန်တွင် စပါးတစ်တင်း၏ ကာလပေါက်ဈေးမှာ ၂၂၀၀၀ ကျပ်ရှိသဖြင့် ပန်းတိုင်ရည်မှန်းချက် မပြည့်မီသောကြောင့် ငွေကျပ် ၁၀ ဒသမ ၃၆၉ ဘီလျံလျော့နည်းဆုံးရှုံခဲ့ရကြောင်း၊ မိတ္ထီလာခရိုင်တစ်ခုလုံးတွင် မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်ရည်မှန်းချက်မပြည့်မီခဲ့သဖြင့် ငွေကျပ် ၇၉ ဒသမ ၇၉၁ ဘီလျံ ဝင်ငွေလျော့နည်းခဲ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ နွေစပါးထွက်ရှိမှုတွင်လည်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် ၄ ဒသမ ၆ ဘီလျံ ဝင်ငွေလျော့နည်းခဲ့ကြောင်း၊ မြေပဲစိုက်ပျိုးမှုတွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီမှုကြောင့် ငွေကျပ် ၄၆ ဒသမ ၈၉၅ ဘီလျံ လျော့နည်းခဲ့ကြောင်း၊ နှမ်းစိုက်ပျိုးမှုတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိခြင်းကြောင့် ၅၈၀ ဒသမ ၄၈ ဘီလျံ လျော့နည်းခဲ့ကြောင်း၊ နေကြာ၊ ပဲတီစိမ်းစသည့် သီးနှံများအပါအဝင် မိတ္ထီလာခရိုင်အတွင်း တစ်ဧကပန်းတိုင်ရည်မှန်း ချက်အထွက်နှုန်း မပြည့်မီမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် စုစုပေါင်းငွေကျပ် ၉၈၀ ဘီလျံခန့် လျော့နည်းဆုံးရှုံးခဲ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ အချက်ကိုကြည့်ခြင်းအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား တစ်ဧကပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသစီးပွားရေးကို များစွာအထောက်အကူပြုနိုင်သည်ကို တွေ့ရှိရသဖြင့် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
