၁၀. ၇. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့မှုနှင့် နိုင်ငံ့အရေးကိစ္စတို့ကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဆောင်ရွက်နေမှုများအား နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြု၍ ပူးပေါင်းပါဝင်ရန် တောင်းဆိုကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၅၉ ကြိမ်မြောက် အစည်းအဝေးအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာများ၊ အပြန်အလှန်ဆွေးနွေးမှုနှင့် ပကတိမြေပြင်အခြေအနေမှန်များနှင့် လုံးဝကိုက်ညီခြင်းမရှိဘဲ နိုင်ငံရေးအရ လိုရာဆွဲပုံဖော်ထားသည့် ဆုံးဖြတ်ချက်အဆိုတို့ကို မြန်မာ အစိုးရ၏ ကိုယ်စားလှယ်ပါဝင်ခြင်းမရှိဘဲ တစ်ဖက်သတ် ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံ၌ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးအပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်နေချိန်တွင် တစ်ဖက်တွင်လည်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ဒီမိုကရေစီလုပ်ငန်းစဉ်ဟုဆိုရာတွင် ရွေးကောက်ပွဲသည် မရှိမဖြစ်လုပ်ငန်းစဉ်တစ်ခုဖြစ်၍ လွတ်လပ်၍ တရားမျှတ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကို အလေးထားဆောင်ရွက်ရန် ကတိကဝတ်လည်း ထားရှိပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေးအတွက် ၎င်းတို့အား တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ရန် ကမ်းလှမ်းထားပြီးဖြစ်သည်။ ယခုအခါ နိုင်ငံတွင်း၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် သက်ဆိုင်သူများပါဝင်သော စီးပွားရေးဖိုရမ်များ၊ ငြိမ်းချမ်းရေးဖိုရမ်များ ကျင်းပ၍ အကောင်းဆုံးသောနည်းလမ်းများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိနေသည်မှာ ပကတိဖြစ်ရပ်များပင်ဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ဖော်ပြပါအပြုသဘော လုပ်ငန်းစဉ်များကို ကုလသမဂ္ဂအနေဖြင့် တစ်စုံတစ်ရာ အသိအမှတ်ပြုခြင်းမရှိသည်မှာ အထူးစိတ်ပျက်ဖွယ်ရာပင်ဖြစ်သည်။ ဤလုပ်ရပ်များသည် ကုလသမဂ္ဂ၏ မျှတမှု၊ ဘက်မလိုက်မှု၊ အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးကို လေးစားမှုနှင့် ပွင့်လင်းမြင်သာမှုစသည့် စံနှုန်းများကို သွေဖီဆန့်ကျင်လျက်ရှိသည်။
ကုလသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာကိစ္စရပ်များ၊ ကပ်ရောဂါဘေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးဖွံ့ဖြိုးတက်ရေး အရေးကြီးကိစ္စရပ်များ ဦးစားပေးဖြေရှင်းရမည့်အစား နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထား ဆောင်ရွက်မှုများသည် ကုလသမဂ္ဂအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ ယုံကြည်မှုကို လျော့ကျစေမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းပါ အခြေခံမူများကို ဆက်လက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့မှုနှင့် နိုင်ငံ့အရေးကိစ္စတို့ကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဆောင်ရွက်မှုများအား အသိအမှတ်ပြု၍ ပူးပေါင်းပါဝင်ရန် တိုက်တွန်းသည်။
